တရုတ်ဘဏ်များ စည်းမျဉ်း လိုက်နာရန် ပျက်ကွက်ကြောင်း Financial Post သတင်းတွင် ဖော်ပြ

တရုတ်ဘဏ်များ စည်းမျဉ်း လိုက်နာရန် ပျက်ကွက်ကြောင်း Financial Post သတင်းတွင် ဖော်ပြ

ကမ္ဘာ့ဘဏ်လု်ပငန်းတွင် တရုတ်ဘဏ်များက လွှမ်းမိုးထားသော်လည်း အဆိုပါ ဘဏ်များသည် သက်ဆိုင်ရာ အိမ်ရှင်နိုင်ငံများ၏ စည်းမျဉ်းများနှင့် ဘဏ္ဍာရေးအထူးလုပ်ငန်းအဖွဲ့ (FATF)၏ စည်းမျဉ်းများကို လိုက်နာရန် ပျက်ကွက်သည့်အပြင် အထူးသဖြင့် ပြည်ပဘဏ်လုပ်ငန်းများ၌ ငွေကြေးခဝါချမှု တိုက်ဖျက်ရေး (AML) ထိန်းချုပ်မှုတို့ကို လိုက်နာရန် ပျက်ကွက်နေသည်။

အမေရိကန်အခြေစိုက် သတင်းဌာနဖြစ်သည့် Financial Post အရ တရုတ်ဘဏ်များ၏ အားနည်းသော စည်းမျဉ်းစည်းကမ်းစံနှုန်းများနှင့် လိုက်နာရန် ပျက်ကွက်မှုများကို ရာဇဝတ်မှုကျူးလွန်ရန်နှင့် ငွေကြေး ခဝါချမှု အတွက် အကြမ်းဖက်အဖွဲ့အစည်းများက အလွဲသုံးစားလုပ်နေသည်ဟု သံသယရှိနေကြသည်။ ယင်း၏ အစီရင်ခံစာတွင် ပါရီအခြေစိုက် စောင့်ကြည့်ရေးအဖွဲ့ FATF က တရုတ်၏ ငွေကြေးခဝါချမှု တိုက်ဖျက် ရေး (AML) နှင့် အကြမ်းဖက်မှုတန်ပြန်ရေး (CTF) စည်းမျဉ်းစနစ်များတွင် အားနည်းချက်များစွာကို ထောက်ပြ ထားသည်။

တရုတ်ဘဏ္ဍာရေးနှင့် ဘဏ္ဍာရေးမဟုတ်သော အဖွဲ့အစည်း ၂ ခုစလုံးသည် ငွေကြေး ခဝါချမှုနှင့် အကြမ်းဖက်ငွေကြေးထောက်ပံ့မှုဆိုင်ရာ အန္တရာယ်များကို ပြည့်စုံစွာ နားလည်သဘောပေါက် ထားခြင်း မရှိသည့်အတွက် နိုင်ငံ၏ AML နှင့် CTF စည်းမျဉ်းများ၏ ထိရောက်မှုကို ထိခိုက်စေကြောင်း FATF အစီရင်ခံစာက မှတ်ချက်ပြုထားသည်။

အစီရင်ခံစာတွင် အကြမ်းဖက်ငွေကြေးထောက်ပံ့မှုနှင့် တရားမဝင်ဘဏ္ဍာငွေလွှဲပြောင်းရေးဆိုင်ရာ တရုတ်၏ ပစ်မှတ်ထား ပိတ်ဆို့အရေးယူမှုများသည် ညံ့ဖျင်းပြီးထိရောက်မှုမရှိဖြစ်နေသည်ဟု ဖော်ပြထားသည်။

၂၀၂၀ပြည့်နှစ်တွင် ပိုင်ဆိုင်မှုအားဖြင့် ထိပ်ဆုံးဖြစ်သည့် ဘဏ် ၁၀ ခုအနက် တရုတ်ဘဏ် ၄ ခုပါဝင်ပြီး ယင်းတို့မှာ တရုတ် စက်မှုလုပ်ငန်းနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် (ICBC)၊ တရုတ်ဆောက်လုပ်ရေးဘဏ်၊ စိုက်ပျိုးရေးဘဏ် (ABC) နှင့် တရုတ်ဘဏ်တို့ဖြစ်သည်။

ယင်းတို့အပြင် အခြားသော တရုတ်ဘဏ်အချို့သည် ကမ္ဘာ့ထိပ်တန်းဘဏ် ၅၀ တွင်ပါဝင်ပြီး ယင်းတို့မှာ တရုတ်စာတိုက်ငွေစုဘဏ်၊ တရုတ်ကုန်သည်ဘဏ်၊ တရုတ်မင်ဆန်းဘဏ်၊ ရှန်ဟိုင်းပုတုန်ဖွံ့ဖြိုးရေးဘဏ်၊ တရုတ် CTIC ဘဏ်နှင့် China Everbright Bank တို့ ပါဝင်သည်။

ကနေဒါ၏ ရာဇဝတ်မှုနှင့် အကြမ်းဖက်သမားများ၏ ငွေကြေးထောက်ပံ့မှုအက်ဥပဒေအား ချိုးဖောက်မှုဖြင့် ကနေဒါဘဏ္ဍာရေးဆိုင်ရာ လွှဲပြောင်းမှုများနှင့် အစီရင်ခံစာများ စိစစ်ရေးစင်တာ (FINTRAC) က မကြာသေးမီက တရုတ်အစိုးရပိုင် အကြီးဆုံးဘဏ် ICBC အား ဒဏ်ရိုက်ခဲ့ကြောင်း Financial Post တွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly