ဧရာဝတီတိုင်းအတွင်း COVID-19 ကူးစက်သူ ၁,၈၀၀ ကျော် ရှိလာပြီး အိုမီခရွန်ကြောင့်  သေဆုံးမှုရှိ

ဧရာဝတီတိုင်းအတွင်း COVID-19 ကူးစက်သူ ၁,၈၀၀ ကျော် ရှိလာပြီး အိုမီခရွန်ကြောင့်  သေဆုံးမှုရှိ

ဖေဖော်ဝါရီလ ၁၈ ရက်

ဧရာဝတီတိုင်းအတွင်း ဖေဖေါ်ဝါရီလ ၁ ရက်နေ့မှ  ၁၇ ရက်နေ့အထိ COVID-19 အတည်ပြုလူနာ ၁,၈၀၈ ဦး ရှိလာကြောင်း စစ်ကောင်စီ လက်အောက်ခံ  ကျန်းမာရေးဌာန ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပုသိမ် ပြည်သူ့ဆေးရုံကြီး၌ ဖေဖေါ်ဝါရီလ ၁၈ ရက်နေ့က ကွယ်လွန်ခဲ့သော ကိုဗစ်လူနာသည် COVID-19 မျိုးကွဲ ဖြစ်သည့် အိုမီခရွန် ကူးစက်ခံရပြီး သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း စစ်ကောင်စီ၏ ကျန်းမာရေး ဌာနနှင့် နီးစပ်သည့် အသိုင်းအဝိုင်းထံက သိရသည်။

အဆိုပါ လူနာမှာ ငပုတောမြို့နယ် ဒီဒူးကုန်းကျေးရွာ အုပ်စု ကျောက်ကလပ်ကျေးရွာမှ ပုသိမ် ဆေးရုံကြီးတွင် လာရောက် ဆေးဝါးကုသမှု ခံယူနေသူ အသက် ၆၁ နှစ် အရွယ် ဒေါ်မြင့်မြင့်အေး ဆိုသူ ဖြစ်ကြောင်း သိရသည်။

အိုမီခရွန်ကူးစက်ခံရပြီးနောက် ရောဂါအခံရှိသူ ဖြစ်သဖြင့် ဆေးဝါးကုသမှု ခံယူနေစဉ် အသက်ဆုံးပါးခဲ့ခြင်း ဖြစ်ပြီး ပုသိမ်မြို့ သရောင်းချောင်းသုဿန်၌ ချက်ခြင်း မီးသင်္ဂြိုဟ်ခဲ့ကြောင်း ကျန်းမာရေးဌာနက ထုတ်ပြန်ထားသည်။

ပိုးတွေ့လူနာ များပြားလာခြင်းကြောင့် မြို့နယ်အသီးသီး၌ စစ်ဆေးရေးဂိတ်များဖွင့်လှစ်ပြီး ကိုဗစ်ရောဂါ စစ်ဆေးမှုများ ပြုလုပ်နေသော်လည်း မြို့အတွင်း ကူးစက်ပျံ့ပွားမှု ထိန်းသိမ်းလျှော့ ချနိုင်ရေး စစ်ကောင်စီက လုပ်ဆောင်နေခြင်း မရှိဘဲ လူစုလူဝေးနှင့် ပျော်ပွဲရွှင်ပွဲများကိုသာ ကျင်းပ နေကြောင်း ဒေသခံ ပရဟိတအဖွဲ့များက ဝေဖန်သည်။

“မြို့အဝင်ဂိတ်တွေမှာတော့ အချိန်ပိုင်းအလိုက် နှာခေါင်းထိုးပြီး စစ်တယ်။ သူတို့ မစစ်ချင်ရင်လည်း မစစ်တော့ဘူး။ အကုန်လုံးက ဟန်ပြ လျှောက်လုပ်နေတာမျိုး ဖြစ်နေတယ်။ ပိုးတွေ့လူနာတွေကို Hospital Quarantine ထားဖို့ သူတို့သေချာမစီစဉ်ပေးဘူး။ အကုန်လုံးက ပရဟိတ အသင်းတွေကပဲ ကူညီလုပ်ပေးနေရတာ။ အရင်လို Community Based Facility Quarantine ဆိုတာ မရှိတော့ဘူး” ဟု ပုသိမ်မြို့ရှိ ပရဟိတအဖွဲ့တစ်ခုမှ အဖွဲ့ဝင်တစ်ဦးကပြောသည်။

ထို့ပြင် ‘’ ပြည်သူက ခက်ခဲကျပ်တည်းနေပြီမို့ မကူညီနိုင်တော့ဘူး။ သူတို့ကတော့ မြို့ထဲမှာ Mask မတပ်ရင်ဖမ်းမယ် မသင်္ကာလို့ ခေါ်စစ်ရင် Mask အတင်း ဖြုတ်ခိုင်းမယ်။ ဒီလိုမျိုးနဲ့ကို လုပ်ချင်ရာလုပ်နေတယ်။  စားသောက်ဆိုင်တွေအားလုံး ဆိုင်ထိုင်လို့ရတယ်။ KTVတွေ မာဆက်တွေ ဖွင့်ခွင့်ပေးထားတယ်။  ဘယ်လိုမှ ဒီကူးစက်မှုကို ထိန်းလို့ရမှာမဟုတ်ဘူး” ဟု လည်း ၎င်းက ဆက်ပြောသည်။

စစ်ကောင်စီက စီမံချက်အရဟုဆိုကာ ကျောင်းကုန်းမြို့၌  ပျံကျစျေးသည်အချို့နှင့် မြို့မစျေးကြီးရှိ စျေးသည်များကို ဖေဖေါ်ဝါရီလ ၁၆ ရက်နေ့တွင် Rapid Test Kit နှင့် ရောဂါစစ်ဆေးရာ စျေးသည် ၄၀ ဦး ခန့် COVID-19 တွေ့ရှိရသော်လည်း ဆေးဝါးကုသမှု စတင်လုပ်ဆောင်ခြင်း မပေးဘဲ နေအိမ်များသို့  ပြန်လွှတ်ကာ ကုသစေခဲ့မှုလည်း ရှိခဲ့သည်။ 

“မြို့တွင်းမှာ ကူးစက်မှုက အရမ်းများနေတာ သိသာနေပြီ။ အရင်လို Community Fever Clinicတွေ မရှိတော့ဘူး။  ရိုးရိုးဆေးခန်းတွေမှာ ဖျားတဲ့သူတွေ ပုံနေတယ်။  မိတ်ဆွေ ဆရာဝန်တွေ ပြောပုံအရ သူတို့ဆီကို  လာပြတဲ့ ငါးယောက်မှာ သုံးယောက်လောက်က ကိုဗစ်လဏ္ခာ တွေ့နေရတယ်လို့ ပြောတယ်။ အခုလှိုင်းက ကူးစက်ခံရလည်း အရမ်းမပြင်းသေးလို့သာ ခံသာနေတာ။ အခုလို လုပ်နေပုံနဲ့ ဒီဖေဖေါ်ဝါရီလ မကုန်ခင်မှာ ဧရာဝတီတိုင်း တစ်တိုင်းလုံးရဲ့ လူဦးရေ ၅၀ ရာခိုင်နှုန်းမှာ ကူးစက် ခံရမယ်လို့ ခန့်မှန်း မိပါတယ်” ဟု ဒုတိယလှိုင်း အတွင်း Community Fever Clinic ဖွင့်လှစ်ကာ အခမဲ့ ဆေးဝါးကုသပေးခဲ့သူ ဆရာဝန်တစ်ဦးက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required