ရခိုင်ပြည်နယ်၌ COVID-19 ကူးစက်မှု တစ်ကျော့ပြန် ဖြစ်လာ

ဖေဖော်ဝါရီ ၁၈

ရခိုင်ပြည်နယ်တွင် ယခု ဖေဖော်ဝါရီလ ဒုတိယပတ်မှ စတင်ပြီး COVID-19 ရောဂါပိုး ကူးစက်မှု တစ်ကျော့ပြန် တွေ့ရှိလာကြောင်း စစ်ကောင်စီ လက်အောက်ခံ ပြည်နယ်ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။

စစ်တွေမြို့တွင် ဖေဖော်ဝါရီလ ၁၅ ရက်နေ့က လူ ၃၁၉ ဦးကို စစ်ဆေးခဲ့ရာ ၅၀ ဦးတွင် COVID-19 တွေ့ရှိခဲ့ပြီး နောက်ထပ် လေယာဉ်စီးမည့် ခရီးသည် ၂၈၅ ဦးကို စစ်ဆေးရာ ၁၂ ဦးတွင် ထပ်မံ တွေ့ရှိထားသည်။

“စစ်တဲ့ သဘောကလည်း Positive (အတည်ပြုလူနာ) တစ်ယောက်ထွက်ရင် သူ့ရဲ့ ဆက်စပ်သူတွေကို လိုက်စစ်တာပေါ့။ စစ်တဲ့နှုန်းက များလာလေ နည်းနည်း တွေ့လာလေပေါ့နော်။ အခုတစ်လော တွေ့နေပါတယ် ” ဟု ပြည်နယ်ကျန်းမာရေးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ စိုးဝင်းပိုင်က မဇ္ဈိမကို ပြောသည်။

စစ်တွေ၊ ကျောက်ဖြူနှင့် သံတွဲမြို့တို့တွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၅ ရက်နေ့ တစ်ရက်တည်း၌ COVID-19 အတည်ပြုလူနာ ၇၂ ဦး တွေ့ရှိထားသည်။

အတည်ပြုလူနာများအနက် မျိုးကွဲသစ် အိုမီခရွန် ဗိုင်းရပ်စ်ပိုး ရှိ၊ မရှိ ဆေးစစ်ချက် ရယူထားသူ ကိုးဦး ရှိပြီး ရလဒ် မသိရသေးကြောင်း ဒေါက်တာစိုးဝင်းပိုင်က ပြောသည်။

“အိုမီခရွန်တော့ မသိရသေးဘူး။ ဓာတ်ခွဲ စစ်ဆေးနေတယ်။ ဒီနေ့မှ အဖြေသိရမှာ။ အဓိကတော့ Covid ပေါ့နော်။ ကျွန်တော်တို့ အခုစစ်တာက COVID-19 ကို စစ်တာဖြစ်လို့ COVID-19 ကူးစက်မှုကိုပဲ ပြောနိုင်ပါသေးတယ်။ အိုမီခရွန် ကူးစက်တယ်လို့ ပြောလို့ မရသေးပါဘူး” ဟု ပြောသည်။

စစ်တွေမြို့ လမ်းမများနှင့် မြို့မဈေးကြီးကဲ့သို့ လူသူ ထူထပ်သည့် နေရာများတွင် နှာခေါင်းစည်း မတပ်ဘဲ သွားလာ လှုပ်ရှားနေကြခြင်းသည် COVID-19 ကူးစက်မှုအတွက် စိုးရိမ်ဖွယ်ရာ ဖြစ်ကြောင်း စစ်တွေမြို့ခံ တစ်ဦးကလည်း ထောက်ပြသည်။

ပြည်တွင်းကူးစက်မှု တစ်ကျော့ပြန် များပြားလာပါက စောစော ထိန်းချုပ်နိုင်ရန် ကျန်းမာရေး အသိပညာပေးမှုများ၊ မြေပြင်ကွင်းဆင်း ဟောပြောမှုများနှင့် COVID-19 ကာကွယ်ဆေး ထိုးနှံပေးမှုများ လုပ်ဆောင်နေကြောင်းလည်း ပြည်နယ်ကျန်းမာရေး ဦးစီးဌာနက ပြောဆိုသည်။

မြန်မာနိုင်ငံတွင် ပြီးခဲ့သည့် ဇန်နဝါရီ လကုန်ပိုင်းကစ၍ C COVID-19 မျိုးရိုးဗီဇပြောင်း အိုမီခရွန် ဗိုင်းရပ်စ်ပိုး ကူးစက်မှု စတင်နေပြီဟု အာဏာသိမ်း စစ်ကောင်စီ လက်အောက်ခံ ကျန်းမာရေး ဌာနက ထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံတွင် ဖေဖော်ဝါရီလ ၁၇ ရက်နေ့အထိ COVID-19 ကူးစက်ခံထားရသူ ၅၅,၀၀၀၀ ကျော် ရှိပြီး သေဆုံးသူ ၂၀,၀၀၀ ဝန်းကျင် ရှိကြောင်း စစ်ကောင်စီ ကျန်းမာရေးဌာနက ထုတ်ပြန် ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly