အပ်ချည်ကြိုး

အပ်ချည်ကြိုး
Photo: : ​သေဒဏ်ကျ(ကြိုးသမား)များထားရာ အင်းစိန်အကျဥ်းထောင်ရှိ ၂ တိုက် (ခေါ်) ကြိုးတိုက်

ဖေဖော်ဝါရီ ၁၈

အပ်ချည်ကြိုးဟု ခေါင်းစဉ်ကိုဖတ်လိုက်လျင် စာဖတ်သူအားလုံးက အပ်ချည်ကြိုးကိုပဲ ပြေးမြင်မှာတော့ သေချာသည်။ စာရေးသူပြောလိုသည်မှာ ရည်ညွှန်းသည်မှာ ထိုသို့မဟုတ်ပါ။ စာရေးသူတို့ မြန်မာနိုင်ငံသမိုင်း ထဲမှ အာဏာရှင်တို့အုပ်ချုပ်စဉ်ကာလတွေကို အစဆွဲထုတ်ကြည့်လိုက်မည်ဆိုလျင် တစ်ပါတီ မဆလ (မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ)ခေတ်၊ စစ်တပ်အာဏာသိမ်း နဝတ (နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးကောင်စီ)ခေတ် ၊ နအဖ(နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ)ခေတ်တွေကို  တွေ့ရမှာဖြစ်ပြီး၊ ၂၀၁၅ အာဏာရှင် ၂၅ ရာခိုင်နှုန်းခေတ် နဲ့  ၂၀၂၁ အလုံးစုံစစ်အာဏာရှင်ခေတ်တစ်ဖြစ်လဲ စစ်ကောင်စီခေတ်ကိုတွေ့ရမှာဖြစ်ကာ စာရေးသူတို့ လူ့သက်တမ်းတစ်လျှောက် စစ်အာဏာရှင်နဲ့ချည်း ကြုံတွေ့နေရခြင်းဖြစ်သည်။

အပ်ချည်ကြိုး ဟုခေါင်းစဉ်တပ်ရခြင်းမှာ စာ‌ရေးသူ၏ ကိုယ်တွေ့ကို အခြေခံပြီး ကမ္ဘာပေါ်၌၊ လူ့လောက၌ အမြင့်ဆုံးပြစ်ဒဏ်ဖြစ်သည့် သေဒဏ် အကြောင်းပင်ဖြစ်ရာ  သေဒဏ်ကျ အကျဉ်းသားများ အထူးသဖြင့် နိုင်ငံရေးအရ သေဒဏ်ကျခံနေရသူများကို စာနာထောက်ထား သောအားဖြင့်လည်းကောင်း၊ မသိသူများ သိရှိကိုယ်ချင်းစာနိုင်စေရန်လည်းကောင်း ရေးသားခြင်းဖြစ်သည်။ 

ယခုခေတ်တွင် နိုင်ငံရေးအရ အာဏာသိမ်း အကြမ်းဖက်စစ်တပ်၏ စစ်ခုံရုံးမှ မတရားသေဒဏ်ကျခံရသူ ၁၀၀ ခန့်ရှိသည်ဟုသိရသည်။ ထိုအထဲတွင်နိုင်ငံရေးအရ သေဒဏ်ကျခံနေရသူများမှာ အများစုဖြစ်သည်။ ၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေးတော်ပုံနောက်ပိုင်း အာဏာသိမ်းစစ်တပ်မှ  စာရေးသူတို့ကို သေဒဏ်ချခဲ့သည့် ၁၉၈၉ ခုနှစ်တွင် ပါတီနှင့် အဖွဲ့အစည်းများမှ နိုင်ငံရေးကြိုးသမားများနှင့် ၈၈ အရေးတော်ပုံကို ဖျက်ဆီးသူများနှင့် ရပ်ကွက်ကျေးရွာများကို မီးရှို့ဖျက်ဆီး အဆိပ်ခတ်သူများကို သူတစ်ချက်ကိုယ်တစ်ချက် ဒေါသဖြင့် အသက်သေဆုံးအောင်သတ်ခဲ့သည့် လူသတ်မှုတို့ဖြင့် သေဒဏ်ကျနေသူများက အများစုဖြစ်သည်။ နောက် သေဒဏ်ကျသူများမှာ လူသတ်အလောင်းဖျောက်မှု၊ မုဒိမ်းလူသတ် အလောင်းဖျောက်မှု စသည်တို့ဖြစ်သည်။ 

ထိုအချိန်က သေဒဏ်ကျသူထက်ဝက်ကျော်မှာ အမှုတွင် ပါဝင်ပတ်သက်မှုမရှိခြင်း၊ ပါဝင်ပတ်သက်သော် လည်း သေဒဏ်ကျနိုင်သည့် အမှုမျိုးမဟုတ်ခြင်း ၊ တချို့မှာ အိမ်အပြင်ထွက်ကြည့်ရုံဖြင့် သေဒဏ်ကျတဲ့သူ သူများလည်းရှိခြင်း၊  ပိုဆိုးသည်မှာ အခင်းဖြစ်ပွားရာနေရာတွင် လုံးဝမရှိဘဲ ပတ်သက်ဆက်စပ် မှု လုံးဝမရှိဘဲနှင့် သေဒဏ်ကျနေသည်ကိုလည်း တွေ့ရှိခဲ့ရသည်။  

ထို့အတူ အာဏာသိမ်းစစ်တပ်က စစ်ခုံရုံးနဲ့ ထောင်တွေချ၊ သေဒဏ်တွေချနေခြင်းသည် တကယ်တန်း၌ အဆန်းကြီးမဟုတ်ပါ။ အာဏာသိမ်းစစ်တပ်၏ ထုံးစံအတိုင်း ပြည်သူကို ဖြဲခြောက်ခြင်းသာ ဖြစ်သည်။ သေဒဏ်ကို တရားရုံးဝေါဟာရဆိုလျင် “မသေမချင်းကြိုးပေးသတ်စေ “ ဖြစ်သည်။ ကာယကံရှင်ရော နားထောင်သူများပါ တုန်လှုပ်ခြောက်ခြားစရာ ဖြစ်သည်။ 

သေဒဏ်ကျ(ကြိုးသမား)များထားရာ အင်းစိန်အကျဉ်းထောင်ရှိ ၂ တိုက် (ခေါ်) ကြိုးတိုက်။ (Photo- crd)

ထောင်ထဲရှိ သေဒဏ်ကျအကျဉ်းသားများ ထားရှိရာကို ကြိုးတိုက်ဟု ထောင်ဝန်ထမ်းများကခေါ်ဝေါ်ရာ သေဒဏ်အချခံရပြီး ရောက်ရှိလာသူအဖို့ ကြက်သီးမွေးညင်းထစရာပင် ဖြစ်သည်။ 

သို့သော် နိုင်ငံရေးသမားများမှာ အသက်ကိုတောင် စွန့်လွှတ်ထားသူများ ဖြစ်ပေရာ ရန်သူရဲ့ ပြစ်ဒဏ် ကြီးလေလေ မိမိကိုယ် မိမိ ဂုဏ်ယူလေလေ ဖြစ်သည်ဆိုသည်ကို စာရေးသူ၏ ကိုယ်တွေ့က သက်သေ ပင်ဖြစ်သည်။ နာမည်ဆိုးနဲ့ကျော်ကြားသည့် အင်းစိန်အကျဉ်းထောင်ရှိ သေဒဏ်များထားရာ ရှစ်ပေ ဆယ်ပေ အကျယ်ရှိ တိုက်ခန်းထဲသို့ သေဒဏ်ကျအကျဉ်းသားကိုထည့်ပြီး သံတံခါးကြီးကို ပိတ်တာကအစ သေဒဏ်ကျ အကျဉ်းသားကို တမင်ခြောက်ခြားစေရန် အတင်းဝုန်းဒိုင်းဆိုပြီး ပိတ်တာဖြစ်သည်။ စာရေးသူ၏မျက်စိရှေ့ လူသတ်မုဒိမ်းအလောင်းဖျောက်အမှုဖြင့် သေဒဏ်ကျလာသူဆိုလျင် တိုက်ခန်းထဲသွင်းရာ ကျင်ကြီး ကျင်ငယ်တောင်ထွက်ကျသည်အထိ ကြောက်ရွံ့ထိတ်လန့်နေတာကို တွေ့ရသည်။ မတရားလုပ်ပြီး အသက်သေမှာကြောက်သူနှင့် အမှန်တရားလုပ်ခဲ့ပြီး အသက်သေမှာ မကြောက်သူတို့ကိုလည်း ခြားနားစွာ မြင်တွေ့ခဲ့ရသည်။ 

သေဒဏ်အကျဉ်းသားများထားရာ သေဒဏ်တိုက် ကြိုးတိုက်သည် နယ်ချဲ့ကိုလိုနီခေတ်ကတည်းက ခြောက်ခြားစရာကောင်းအောင် တည်ဆောက်ထားသော မျက်နှာချင်းဆိုင်တစ်ဖက် အခန်း၃၀ ပါ တိုက်ခန်းစုစုပေါင်း ၆၀ ရှိ ရင်ကွဲတိုက်ဖြစ်သည်။ နေ့အလင်းရောင်မှုန်ပြပြဖြင့် ညဖက်ရောက်လျင် ၆၀ ဝပ်မီးသီးကို အလယ်လျှောက်လမ်းတွင် ခပ်ကျဲကျဲထွန်း၍ တိုက်ခန်းထဲ အလင်းရောင် တစောင်းခန့်သာ ဝင်စေရန်ကိုလည်း အကွက်ကျကျ စီမံထားတာဖြစ်သည်။ အခန်းထဲတွင် မီးမရှိ၊ ဘာမှမရှိ၊ ဘာမှမထားရ၊ သောက်ရေအိုးကိုအပြင်ထုတ်ထား သည်။ လတ်တလောတွင် ဝတ်စရာ ထောင်ဝတ်စုံ နှစ်စုံသာ ရှိရမည်၊ ဝတ်ထားတာတစ်စုံ အပိုတစ်စုံ၊ ကျန်တာဘာမှ ပိုင်ဆိုင်မှုမှမရှိ။ ကြိုးတိုက်ရောက်ပြီး အနည်းဆုံး သုံးလလောက်က ထိုအတိုင်းပင်။ ဤသည်မှာ စာရေးသူတို့ ခေတ် ၁၉၈၉ ခုနှစ်တုန်းကဖြစ်သည်။

သေဒဏ်ကျပြီးသူ (ထောင်အခေါ်အဝေါ်  ကြိုးသမား= ကြိုးပေးအသတ်ခံရမည့်သူ)သည် နိုင်ငံရေးသမားနှင့် စိတ်ဓာတ်ခိုင်မာသောသူတွေသာဖြစ်မည်ဆိုလျင် နေ့တိုင်း ရက်တိုင်းကို အေးဆေးတည်ငြိမ်စွာ ဖြတ်သန်း နိုင်သည်။ တစ်လ နှစ်လကျော်သွားလျင် နာမည်ကသာ ကြိုးသမားဖြစ်ပေမယ့် အခြားအကျဉ်းသားများ လိုပင် စိတ်ကို ထားနိုင်သွားကြသည်။ ထောင်၏ လုပ်ရိုးလုပ်စဉ်နှင့် အထက်မှဖိအားပေးသည့်အနေဖြင့်ရော တမင်စိတ်ဓာတ် ခြောက်ခြားစေရန်အတွက်ရော ကြိုးသမားများကို မကြာခဏ ပေါင်ချိန်ခြင်း ကျန်းမာရေး တော်ရိရော်ရိ စစ်ဆေးခြင်းနှင့်  ကြိုးသမားများသိအောင် ကြိုးစင်ပြင်ဆင်ခြင်း၊ မနီလာကြိုးတွေကို ရုံးခန်း တွင် ပုံထားခြင်းများကို အာဏာပိုင်တွေက မြိန်ရေရှက်ရေ မကြာမကြာပြုလုပ်တတ်သည်။ 

သေဒဏ်ကျ(ကြိုးသမား)များထားရာ အင်းစိန်အကျဉ်းထောင်ရှိ ၂ တိုက် (ခေါ်) ကြိုးတိုက်။ (Photo- crd)

တကယ်တန်းတွင်မူ ကြိုးမိန့်ချတိုင်း ချက်ချင်း သတ်သည်မဟုတ်ပါ။  

အတွေ့အကြုံအရ နိုင်ငံတကာက သိရှိပြီး လွှတ်ပေးဖို့ တောင်းဆိုတဲ့  ကြိုးသမားတွေကို တရားဝင်မှုမရှိတဲ့ မည်သည့်အဖွဲ့အစည်းကမဆို ကြိုးပေးလို့မရပါ။ မဆလ ခေတ်တုန်းက သေဒဏ်ကျအကျဉ်းသားကို ကြိုးပေးကွပ်မျက်ရန် နိုင်ငံတော်ကောင်စီ၊ နိုင်ငံတော်သမ္မတ စသည့်တို့တွင် အဆင့်ဆင့်အယူခံတင်ရသည်။

ကြိုးပေးတာတွေလည်းရှိခဲ့သည်။ စာရေးသူတို့ခေတ် ကြိုးသမားများသည် ထိုအချိန် အာဏာသိမ်း စစ်အာဏာရှင်က အမျိုးမျိုး ညစ်ပတ်စော်ကား စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ဖြစ်အောင် ၊ နောက်ပိုင်း ကျန်မာရေးပါ လုံးပါးပါးအောင် တမင်ရည်ရွယ်ကာ ပြုလုပ်ကြသည်။ ကိုယ့်ဖက်ကလည်း လိမ္မာပါးနပ်စွာ နေရသည်။ မိမိကိုယ်မိမိ ရူးမသွားအောင်၊ လုံးပါးပါးမသွားအောင် အသက်မသေအောင် ပါးနပ်စွာ တိုက်ပွဲ ဝင်ရသည်။ တကယ့် အသက်လုတိုက်ပွဲ ဖြစ်သည်။ 

အချိန်သည် ရွေ့လျှားနေသည်၊ နေ့ကိုလစား၊ လကိုနှစ်စား၍ ကြိုးသမားများသည်လည်း ခံနိုင်ရည်ရှိလာ ကြသည်။ နိုင်ငံရေးကြိုးသမားများမှာ ယုံကြည်ချက်တစ်ခုတည်းကြောင့်ပင် အရာရာကို ကျော်လွှားနိုင်သည် မှာ မိမိကိုယ်တွေ့ပင်ဖြစ်သည်။ မြန်မာနိုင်ငံ၏ ယခု ၂၁ ရာစုကြိုးသမားအများစုသည် တိုက်ပွဲများကြားမှ ပေါ်ထွန်းလာသူများဖြစ်ပြီး ခေတ်အဆက်ဆက်ကြိုးသမားများနှင့် နှာတစ်ဖျားသာသည်ဟု ပြောရမည်။ 

စာရေးသူတို့ခေတ်၌ ကြိုးတိုက်ထဲတွင် အတူနေခဲ့သူ နာမည်ကြီးရှေ့နေကြီး စာရေးဆရာ မောင်ကိုယု ရေချိုးဆင်းတိုင်း ပြောတဲ့စကားကို ပြန်ပြောင်း ပြောရမည်ဆိုလျင် “ ကမ္ဘာကြီးကလည်နေတယ်” ဆိုတာပဲ ဖြစ်သည်။ သူပြောလိုသည်မှာအမြဲပြောင်းလဲနေသည်ကို ဆိုလိုရင်းဖြစ်သည်။ ဆရာမောင်ကိုယုလည်း လွတ်သွားသည်၊ သေဒဏ်နှင့် တစ်သက်တစ်ကျွန်းကျသည့် စာရေးသူလည်း ၂၃ နှစ်ကြာ ထောင်ကလွတ် သည်။ နောက်ဆုံးမှ လွတ်ခြင်းသည် စစ်အာဏာရှင် သက်ဆိုးရှည်ခြင်း၊ ထောင်အာဏာပိုင်များက မိမိအား လွန်စွာအမြင်ကပ်ခြင်းတို့ကြောင့်ဖြစ်သည်။ 

သေဒဏ်ကျ(ကြိုးသမား)များထားရာ အင်းစိန်အကျဉ်းထောင်ရှိ ၂ တိုက် (ခေါ်) ကြိုးတိုက်။ (Photo- crd)

ယခုစစ်အကြမ်းဖက်အုပ်စုမှာ နိုင်ငံတကာကလည်း မထောက်ခံ အသိမှတ်မပြု၊ မြန်မာပြည်သူများကလည်း မထောက်ခံ အသိမှတ်မပြုဘဲ ဖြစ်နေရာ ယခုကြိုးသမားများသည် စာရေးသူတို့ ထောင်ထဲနေရသည်ထက် ပို၍ပို၍ စောစောစီးစီး လွတ်လာပါလိမ့်မည်။ 

စာရေးသူတို့ သေဒဏ်ကျပြီး တစ်နှစ်အတွင်းမှာပင် ကြိုးက အပ်ချည်ကြိုးဆိုတာကို သိလိုက်ရသည်။ တကယ်လည်း အပ်ချည်ကြိုးတွေပင်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် မြန်မာ့နိုင်ငံရေးသမားများနှင့် နိုင်ငံရေးအဖွဲ့အစည်းများ၏ဖိအားများနှင့် နိုင်ငံတကာအစိုးရများနှင့် နိုင်ငံတကာအဖွဲ့အစည်းများ၏ ဖိအားများကြောင့် အပ်ချည်ကြိုးတွေ ဖြစ်ကုန်ကြတာ ဖြစ်သည်။ စာရေးသူတို့ခေတ်တွင် တစ်နိုင်ငံလုံးရှိ ကြိုးသမား အရေအတွက်မှာ ၃၀၀ ကျော်ရှိသည်ဟု သိရသည်။ 

ယခုတွင်မူ တစ်နိုင်ငံလုံး ကြိုးသမား ခန့်မှန်းခြေအရ ၁၀၀ ခန့်ရှိနေသည်ဟု သိရသည်။ စာရေးသူတို့ ခေတ်နှင့် ယခု ၂၁ ရာစုခေတ်သည် အလွန်ကို ကွာခြားတာတွေရှိသည်။ မိုဘိုင်းဖုန်း၊ ကွန်ပြူတာ၊ အင်တာနက် ကွန်ရက်များဖြင့် ကမ္ဘာကြီးကို လွှမ်းခြုံထားသည်။ သတင်းစီးဆင်းမှု စက္ကန့်မခြား အလွန်လျင်မြန်သည်။ ခလုပ်နှိပ်တတ်သည့် မည်သူမဆို ကမ္ဘာကြီးနှင့် ဆက်သွယ်၍ရသော ခေတ်ဖြစ်သည်။ 

ထို့ကြောင့်ပင် စာရေးသူအနေဖြင့် ယခု သေဒဏ်ကျ ကြိုးသမားများသည် အပ်ချည်ကြိုးများသာဖြစ်ပြီး မိမိကျန်းမာရေးကိုသာ ဂရုစိုက်ပေး၍ မကြာခင် မလွဲမသွေ ပြန်လည် လွတ်မြောက်မှာ ဖြစ်ကြောင်း အကျဉ်းချုံးတင်ပြလိုက်ပါသည်။

(ထပ်မံဖော်ပြပါဦးမည်)

သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly