ပျောက်ဆုံးနေသော အာဖဂန်အမျိုးသမီး တက်ကြွလှုပ်ရှားသူများ ပြန်လွတ်လာဟု ကုလ ကြေညာ

ပျောက်ဆုံးနေသော အာဖဂန်အမျိုးသမီး တက်ကြွလှုပ်ရှားသူများ ပြန်လွတ်လာဟု ကုလ ကြေညာ

အာဖဂန်နစ္စတန်နိုင်ငံတွင် ပြီးခဲ့သည့် သီတင်းပတ်များအတွင်း ပျောက်ကွယ်နေခဲ့သည့် အမျိုးသမီးတက်ကြွလှုပ်ရှားသူလေးဦးကို ယခုအခါ တာလီဘန်တို့က ပြန်လွှတ်ပေးလိုက်ပြီ ဖြစ်ကြောင်း ကုလသမဂ္ဂက ပြောသည်။

ယင်းနိုင်ငံတွင် ယမန်နှစ် ဩဂုတ်လက အာဏာပြန်ရထားခဲ့သည့် တာလီဘန်တို့သည် ၎င်းတို့နှင့် အမြင်သဘောကွဲလွဲသူများအပေါ် ဖိနှိပ်ဖြိုခွင်းထားခဲ့ပြီး အမျိုးသမီး စုဝေးဆန္ဒပြပွဲများကို အင်အားသုံး လူစုခွဲခြင်း၊ ဝေဖန်သူများကို ဖမ်းဆီးထိန်းသိမ်းခြင်း၊ တခါတရံ ခွင့်ပြုချက်မရသည့် ဆန္ဒပြပွဲများ၌ သတင်းယူနေသည့် ပြည်တွင်းဂျာနယ်လစ်များကို ရိုက်နှက်ခြင်းတို့ကို လုပ်ဆောင်ထားခဲ့သည်။

တန်မာနာ ဇာယာဘီ ပါယာနီ၊ ပါဝမ်နာ အီဘရာဟင်ခဲလ်၊ ဇာဟရာ မိုဟာမက်ဒီ နှင့် မာဆဲလ် အေယာတို့သည် တာလီဘန်ဆန့်ကျင်သော စုဝေးပွဲတစ်ခု၌ ပါဝင်ခဲ့ပြီးနောက် ပျောက်ဆုံးသွားခြင်း ဖြစ်သည်။

“သူတို့ ဘယ်နေရာမှာ ရှိနေသလဲ ဆိုတာနဲ့ သူတို့ရဲ့ လုံခြုံရေးနဲ့ပတ်သက်လို့ အချိန်အတော်ကြာ မသေချာမရေရာမှုတွေ ရှိခဲ့ပြီးနောက် ခုချိန်မှာတော့ အဲဒီ ပျောက်ဆုံးနေတဲ့ အာဖဂန် အမျိုးသမီးတက်ကြွလှုပ်ရှားသူလေးဦးနဲ့ သူတို့ရဲ့ ဆွေမျိုးတွေကို တာလီဘန်အာဏာပိုင်တွေက ပြန်လွှတ်ပေးလိုက်ပါပြီ” ဟု အာဖဂန်နစ္စတန်ရှိ ကုလသမဂ္ဂ၏ အကူအညီပေးရေးမစ်ရှင် (UNAMA) က ဖေဖေါ်ဝါရီ ၁၃ ရက်တွင် တွစ်တာတွင် ရေးခဲ့သည်။

အမျိုးသမီးတက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်သည့် အီဘရာဟင်ခဲလ်သည် ဖေဖေါ်ဝါရီ ၁၁ ရက်က ပြန်လွတ်လာကြောင်းကို အေအက်ဖ်ပီ သတင်းဌာနကလည်း အတည်ပြုသည်။ သူမသည် အမျိုးသမီးများ အလုပ်လုပ်ကိုင်ခွင့်နှင့် ပညာသင်ကြားခွင့်ကို တောင်းဆိုသည့် ကဘူးလ်မြို့ ဆန္ဒပြပွဲတစ်ခုတွင် ပါဝင်ခဲ့ပြီးနောက် ဇန်နဝါရီ ၁၉ ရက်တွင် ပါယာနီနှင့်အတူ ပျောက်ဆုံးခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required