တရုတ်၏ နည်းပေးလမ်းပြမှုဖြင့် မြန်မာနှင့် ပါကစ္စတန်အကြား လက်နက်အရောင်းအဝယ် သဘောတူညီမှု ရှိနေ

တရုတ်၏ နည်းပေးလမ်းပြမှုဖြင့် မြန်မာနှင့် ပါကစ္စတန်အကြား လက်နက်အရောင်းအဝယ် သဘောတူညီမှု ရှိနေ

ပါကစ္စတန်နှင့် မြန်မာအကြား စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုက အရှိန်ရလျက်ရှိပြီး မြန်မာအာဏာသိမ်းစစ်တပ်၏ စစ်လက်နက်ပစ္စည်း ဝယ်ယူရေး ညွှန်ကြားမှုဦးစီးဌာနမှ အဆင့်မြင့်ကိုယ်စားလှယ် အဖွဲ့တစ်ဖွဲ့သည် စစ်လက်နက်ပစ္စည်းများ မြန်မာသို့ ပို့ဆောင်မှုမတိုင်မီ စစ်ဆေးရန်အတွက် ပါကစ္စတန်သို့ လာရောက်ရန် ရှိနေကြောင်း သိရသည်။

မြန်မာစစ်တပ်သည် ပါကစ္စတန်ထံမှ ၆၀ နှင့် ၈၁ မမ မော်တာလက်နက်များ၊ အမ်-၇၉ ဗုံးပစ်လောင်ချာများနှင့် စက်သေနတ်ကြီးများ ဝယ်ယူရန် စီစဉ်ထားပြီး ထိပ်တန်းအဆင့်ကိုယ်စားလှယ်အဖွဲ့တစ်ခုသည် ထိုပစ္စည်းများ မြန်မာသို့ ပို့ဆောင်မှုမတိုင်မီ စစ်ဆေးရန်အလို့ငှာ ပါကစ္စတန်သို့ လာရောက်ရန် စီစဉ်နေကြောင်း Economic Times က ဖော်ပြသည်။

ထို့ပြင် မြန်မာစစ်တပ်သည် ပါကစ္စတန်ထံမှ ဝေဟင်မှ မြေပြင်ပစ် ဒုံးကျည်များ ဝယ်ယူရန် ရည်မှန်းလျက်ရှိသည်ကို Economic Times က သိရှိထားသည်ဟု ဆိုသည်။ ထို ဒုံးကျည်များသည် ၎င်းတို့၏ JF-17 တိုက်လေယာဉ်များအတွက် ဖြစ်သည်။

တရုတ်က ချမှတ်ထားသည့် ပိတ်ပင်ချက်တစ်ရပ်ကြောင့် မြန်မာသည် တရုတ်ထံမှ အဆိုပါ ဒုံးကျည်များကို တိုက်ရိုက်ဝယ်ယူနိုင်ခြင်း မရှိပေ။

၂၀၁၅ ခုနှစ်တွင် မြန်မာသည် JF-17 Thunder တိုက်လေယာဉ်များကို တင်သွင်းသည့် ပထမဆုံးနိုင်ငံ ဖြစ်ခဲ့ပြီး ထို တိုက်လေယာဉ်များသည် ပါကစ္စတန်၏ Aeronautical Complex နှင့် တရုတ်၏ Chengdu Aircraft Industries Corporation တို့ ပူးတွဲထုတ်လုပ်ထားသည့် ဘက်စုံသုံး အပေါ့စား တိုက်ခိုက်ရေး လေယာဉ်တစ်မျိုး ဖြစ်သည်။

မြန်မာတွင် စစ်အာဏာသိမ်းမှုဖြစ်ပြီးနောက်တွင် တရုတ်၏ တိုက်တွန်းမှုကြောင့် ပါကစ္စတန်သည် မြန်မာနှင့်အကြား စစ်ဘက်ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့နိုင်မည့် အခွင့်အလမ်းတစ်ရပ်ကို တွေ့ရှိခဲ့ကြောင်း အမည်မဖော်လိုသူ ကျွမ်းကျင်သူတစ်ဦးက Economic Times ကို ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required