ပါကစ္စတန်အစိုးရ၏ စီးပွားရေး ဆောင်ရွက်ချက်များကို IMF အားမလိုအားမရဖြစ်နေ

ပါကစ္စတန်အစိုးရ၏ စီးပွားရေး ဆောင်ရွက်ချက်များကို IMF အားမလိုအားမရဖြစ်နေ

ပါကစ္စတန်အစိုးရအနေဖြင့် အခွန်စည်းကြပ်မှု တစ်ခုတည်းကိုသာ လုပ်ဆောင်မနေသင့်ဘဲ နိုင်ငံ စီးပွားရေး၏ ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်နိုင်ရန် အခြားနည်းလမ်းများကိုလည်း ရှာဖွေသင့်ကြောင်း နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ၏ ဌာနေကိုယ်စားလှယ် အက်စ်တာ ပါရက်ဇ် ရုဇ်က ပြောကြားလိုက်သည်။

IMF အစီအစဉ်၏ ရည်ရွယ်ချက်သည် အကြီးစား စီးပွားရေးလုပ်ငန်းတည်ငြိမ်မှုကို အားပေးရန် ဖြစ်ကြောင်းနှင့် ယင်းအပိုင်းနှင့် စပ်လျဉ်းပြီး နိုင်ငံ၏ ဘဏ္ဍာရေးနှင့် ငွေကြေးဆိုင်ရာ မူဝါဒများက IMF ၏ မျှော်မှန်းချက်ကို ဖြည့်ဆည်းဆောင်ရွက်ပေးရလိမ့်မည် ဖြစ်ကြောင်း သူမက ပြီးခဲ့သည့် ဖေဖေါ်ဝါရီ ၈ ရက်တွင် လာဟိုးမြို့ ကုန်သည်စက်မှုအသင်းမှ တာဝန်ရှိသူများနှင့် တွေ့ဆုံစဉ် ပြောခဲ့သည်။

ရေရှည် တည်တံ့ပြီး ပြည့်စုံ ကျယ်ပြန့်သော တိုးတက်မှုကို အားပေးနိုင်မည့် မူဝါဒ အစီအစဉ်များကို ယူဆောင်ပေးရေးသည် IMF ပရိုဂရမ်၏ ရည်မှန်းချက်ပင် ဖြစ်ကြောင်း သူမက ပြောခဲ့သည်။

နိုင်ငံ၏ အခွန်နှင့် ဂျီဒီပီ အချိုးသည် အလွန် နိမ့်နေသောကြောင့် မကြာသေးခင်က ဘဏ္ဍာရေး ဥပဒေမူကြမ်းကနေတဆင့် စက်မှုလုပ်ငန်းအပေါ် ရောင်းခွန်ကင်းလွတ်ခွင့်များ ဖယ်ရှားသည့် ရည်ရွယ်ချက်က အခွန်ကောက်ခံမှုစနစ်၏ ရှုပ်ထွေးမှု လျှော့ချရန် ဖြစ်ကြောင်း သူမက ပြောခဲ့သည်။

“ပါကစ္စတန်မှာ ကာလကြာရှည်ပြီး ခိုင်မြဲတည်တံ့တဲ့ ဖွံ့ဖြိုးတိုးတက်မှု ရရှိစေဖို့ မိမိတို့ ဆန္ဒရှိပါတယ်။ ဒီအတွက်ကြောင့်လည်း အကြီးစား စီးပွားရေးမူဝါဒတွေကို အကောင်အထည်ဖော်ဆောင်ဖို့ ပထမဆုံး အားထုတ်မှု လိုအပ်ပါတယ်။ ဒါက နိုင်ငံ စီးပွားရေး တိုးတက်မှုကို ဦးတည်စေပါလိမ့်မယ်” သူမက ပြောသည်။

“ဒါပေမယ့်IMF အစီအစဉ်နဲ့ပတ်သက်လို့ ရှင်တို့ရဲ့ မှတ်ချက်တွေ၊ ထင်မြင်ချက်သဘောထားတွေနဲ့ စိုးရိမ်ပူပန်မှုတွေကို ကျွန်မတို့ ဆက်လက် နားထောင်ပေးသွားပါမယ်” ဟုလည်း ရုဇ်က ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly