ရဲသတင်းပေးဆိုသူတစ်ဦး ပစ်သတ်ခံရ

ရဲသတင်းပေးဆိုသူတစ်ဦး ပစ်သတ်ခံရ

ဖေဖော်ဝါရီလ ၁၇ ရက်

ရဲသတင်းတပ်ဖွဲ့ သတင်းပေးဆိုသူတစ်ဦး ယနေ့ နံနက်ပိုင်းက သေနတ်ဖြင့် ပစ်ခတ်ခံရပြီး ပွဲချင်းပြီး သေဆုံး သွားသည်ဟု ဒေသခံများက ပြောသည်။

ပဲခူးတိုင်း အနောက်၊ ပြည်ခရိုင်၊ သဲကုန်းမြို့၊ ဈေးရှေ့တွင် ဖေဖော်ဝါရီလ ၁၇ ရက်နေ့၊ နံနက် ၅ နာရီ အချိန်ခန့်က ရဲသတင်းပေးဆိုသူ ကိုဇော်လေးကို အမည်မသိ သေနတ်သမားတစ်ဦးက ပစ်ခတ်သွားရာ ပွဲချင်းပြီးသေဆုံးသွား ခြင်း ဖြစ်သည်။

”တချို့က သူ့ကို ရဲလို့ ထင်ကြတယ်။ အမှန်က အင်ဖေါ်မာ ဆိုတော့ ရဲသတင်းပေးပဲ။ တော်လှန်ရေး ရဲဘော်တွေ အကြောင်း သွားသတင်းပေးရင်တော့ ဟိုကဘယ်ထားမလဲ” ဟု အသက် ၄၀ အရွယ် သဲကုန်းစျေးက ကုန်ရောင်းသူ တစ်ဦး က ပြောသည်။

ကိုဇော်လေး သည် ရဲအထူးသတင်းတပ်ဖွဲ့ SB ၏ သတင်းပေး တစ်ဦး ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ရဲသတင်းပေး ကိုဇော်လေးသည် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ အမတ်ဟောင်းတစ်ဦး၏ ဆေးဆိုင်ရှေ့တွင် ပစ်သတ်ခံခဲ့ရခြင်း ဖြစ်သည်ဟု သိရသည်။

ထိုသို့ ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ဈေးထဲက စျေးသည်အချို့နှင့် စျေးလာသူ ပြည်သူအချို့က ကြောက်လန့်ကာ ပြေးလွှားကြပြီး နောက်ပိုင်းတွင် ဈေးဆိုင်များပါ ပိတ်သွားသည်ဟု သိရသည်။

ပြီးခဲ့သည့် ရက်ပိုင်းကလည်း သဲကုန်းမြို့ အဝင်ရှိ စစ်ကောင်စီဂိတ်စခန်းကို ဒေသခံတော်လှန်ရေးအဖွဲ့က သေနတ် ဖြင့် အလစ်အငိုက်ယူ ပစ်ခတ်ခဲ့ရာ ဒဏ်ရာရသူ ငါး ဦးရှိခဲ့ပြီး ၎င်းတို့အနက် သုံး ဦးက ဆေးရုံတွင် သေဆုံးသွားခဲ့ သည်ဟု မြို့ခံများက ဆိုသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly