မတရား စွဲဆိုခံရသည့် အမှု အပြစ်မရှိဟု အတိုင်ပင်ခံပုဂ္ဂိုလ်၏ ကိုယ်ရံတော် ချယ်ရီထက် ထွက်ဆို

မတရား စွဲဆိုခံရသည့် အမှု အပြစ်မရှိဟု အတိုင်ပင်ခံပုဂ္ဂိုလ်၏ ကိုယ်ရံတော် ချယ်ရီထက် ထွက်ဆို

ဖေဖော်ဝါရီလ ၁၇ ရက်

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်ရံတော် ဒုရဲအုပ် ချယ်ရီထက်က ၎င်း စွဲဆိုခံထားရသည့် ၅၀၅ (က) အမှု အပြစ်မရှိဟု ယနေ့ ဖေဖော်ဝါရီ ၁၇ ရက်နေ့တွင် သက်သေ ထွက်ဆိုခဲ့ကြောင်း တရားရုံးနှင့် နီးစပ်သူထံက သိရသည်။

နောက်တစ်ကြိမ် ရုံးချိန်းကို ဖေဖော်ဝါရီ ၂၄ ရက်နေ့သို့ ချိန်းဆိုထားပြီး အဆိုပါ ရုံးချိန်း၌ ဒုရဲအုပ် ချယ်ရီထက် ဘက်က တင်သွင်းထားသည့် သက်သေများကို စစ်ဆေးမည် ဖြစ်ပြီး ၎င်းက ခံပြသက်သေ ၁၁ ယောက် တင်သွင်းထားသည်ဟု သိရသည်။

ဒုရဲအုပ် ချယ်ရီထက်သည် ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက နေပြည်တော်၌ ဖမ်းဆီးခံလိုက်ရခြင်း ဖြစ်ပြီး ရဲတရားရုံးက ချမှတ်ထားသည့် ရဲဝန်ထမ်းဆိုင်ရာ ဥပဒေနှင့်လည်း ထောင် သုံးနှစ် မတရား ချမှတ်ခံထားရသည်။

ယခု တရား ရင်ဆိုင်နေရသည့် ၅၀၅ (က) အမှုမှာ ၎င်း၏ လူမှုကွန်ရက် စာမျက်နှာတွင် ၂၀၂၁ ခုနှစ် မတ်လ ၆ ရက်၊ ၇ ရက်နှင့် ၁၄ ရက်နေ့တို့တွင် ရေးသားခဲ့သည့် အကြောင်းအရာများ၊ ဇွန်လတွင် NLD အမတ် ဒေါ်သီရိရတနာ နှင့် ဆက်သွယ်ခဲ့ခြင်း၊ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ၏ သတင်း ထုတ်ပြန်ချက်များကို ပေးပို့ခြင်း၊ ပြည်ပ သတင်းဌာနများ၏ သတင်း ရုပ်သံဖိုင်များ အပြန်အလှန် ပေးပို့ခြင်းများ ပြုလုပ်ခဲ့ခြင်းတို့နှင့် ဆက်စပ်ပြီး မတရား စွပ်စွဲ ခံထားရသည့် အမှု ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly