နယ်နမိတ်ထိန်းချုပ်မျဉ်းတွင် တင်းမာမှု မြင့်တက်နေခြင်းအပေါ် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးက တရုတ်ကို ပြစ်တင်ရှုတ်ချ

နယ်နမိတ်ထိန်းချုပ်မျဉ်းတွင် တင်းမာမှု မြင့်တက်နေခြင်းအပေါ် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးက တရုတ်ကို ပြစ်တင်ရှုတ်ချ

နယ်စပ်ထိန်းချုပ်မျဉ်း (LAC) တွင် လက်ရှိဖြစ်ပွားနေသည့် အခြေအနေနှင့် ပတ်သက်၍ အိန္ဒိယပြည်ပရေးရာဝန်ကြီး အက်စ်ဂျိုင်ရှန်ကာက တရုတ်အစိုးရကို ပြစ်တင်ရှုတ်ချရာတွင် နယ်စပ်၌ တပ်ဖွဲ့များ တိုးမြှင့်ချထားခြင်းသည် စာရွက်ပေါ်တွင် ရေးထိုးထားသည့် သဘောတူညီချက်များကို ချိုးဖောက်ခြင်းဖြစ်ကြောင်းနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းတစ်ခုလုံးအတွက် စိုးရိမ်စရာဖြစ်ကြောင်း ပြောကြားလိုက်သည်။

တရုတ်အနေဖြင့် ထပ်ကာတလဲလဲ ဝေဖန်နေသော်လည်း Quad အဖွဲ့ကို အင်အားလျော့ကျသွားစေရန် လုပ်ဆောင်နိုင်မည်မဟုတ်ကြောင်း ဖေဖော်ဝါရီ ၁၁ ရက်က ကျင်းပခဲ့သည့် Quad အစည်းအဝေးတွင် ဂျိုင်ရှန်ကာက ပြောကြားသည်။

မဲလ်ဘုန်းမြို့တွင် ဖေဖော်ဝါရီ ၁၁ ရက်က Quad အဖွဲ့ နိုင်ငံခြားရေးဝန်ကြီးများ၏ အစည်းအဝေး မကျင်းပမီ ဂျိုင်ရှန်ကာသည် ဩစတြေးလျ နိုင်ငံခြားရေးဝန်ကြီး မာရီဆီပေနေးနှင့်လည်း တွေ့ဆုံခဲ့သည်။ ယင်းအစည်းအဝေးကို တရုတ်အစိုးရက ပြစ်တင်ဝေဖန်ကာ Quad အဖွဲ့သည် တရုတ်ကို ထိန်းချုပ်ရန် ဖွဲ့စည်းထားခြင်း ဖြစ်ကြောင်း သတ်မှတ်ထားသည်။

ပင်လယ်ရေကြောင်းသွားလာမှုတွင် စည်းမျဉ်းအခြေပြုစနစ်ကို ထောက်ခံသည့် Quad အစည်းအဝေးက အင်ဒို-ပစိဖိတ်ဒေသကို ခြိမ်းခြောက်မှု ကင်းသည့်ဒေသဖြစ်စေရန် ပူးပေါင်းဆောင်ရွက်မှုများ တိုးချဲ့ရေးကို ဆွေးနွေးခဲ့ကြသည်။

“အပြုသဘောဆောင်တဲ့ လုပ်ရပ်တွေကို ဆောင်ရွက်ဖို့ ဘလင်ကန်၊ ဟာရာရှီနဲ့ ကျွန်တော်တို့ ၂ ဦး ဖေဖော်ဝါရီ ၁၁ ရက်က သဘောတူညီခဲ့ကြပါတယ်။ ဒေသတွင်း ငြိမ်းချမ်းရေး၊ ကြွယ်ဝရေးနဲ့ တည်ငြိမ်ရေးတို့ကို ဆောင်ရွက်သွားမယ်” ဟု ပေနေးနှင့် ပူးတွဲပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဂျိုင်ရှန်ကာက ပြောကြားသည်။

“ကျွန်တော်တို့ရဲ့ မှတ်တမ်း၊ လုပ်ဆောင်ချက်တွေနဲ့ ရပ်တည်ချက်တွေက ရှင်းလင်းပါတယ်။ ဒါကို ထပ်ကာတလဲလဲ ဝေဖန်နေရုံနဲ့ ကျွန်တော်တို့ကို ချိနဲ့သွားအောင် မလုပ်နိုင်ပါဘူး” ဟုလည်း ၎င်းက ပြောကြားခဲ့သည်။

Quad သည် မည်သူ့ကိုမှ ရန်မပြုကြောင်း၊ ယုံကြည်မှုနှင့် ပုံမှန်ပြန်လည် ဖြစ်စေရေးတို့ကို တည်ဆောက်ခြင်းဖြစ်ကာ ဒေသတွင်းရှိ နိုင်ငံများအားလုံး ခြိမ်းခြောက် နှောက်ယှက်ခံရမှုမရှိစေဘဲ လုံခြုံစိတ်ချ ဘေးကင်းစေရန် ဖြစ်ကြောင်း ဩစတြေးလျနိုင်ငံခြားရေးဝန်ကြီး ပေနေးကလည်း ပြောကြားသည်။

အဆိုပါ အစည်းအဝေးတွင် အိန္ဒိယ-တရုတ် နယ်စပ်ပြဿနာကို ဆွေးနွေးခဲ့ကြောင်းလည်း မေးမြန်းမှုအပေါ် ဂျိုင်ရှန်ကာက အတည်ပြု ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required