ပါကစ္စတန်၏ နိုင်ငံခြားရေးမူဝါဒသည် တရုတ်အပေါ်တွင် မူတည်နေကြောင်း ဝန်ကြီးချုပ် အီမရန်ခန်း ဝန်ခံ

ပါကစ္စတန်၏ နိုင်ငံခြားရေးမူဝါဒသည် တရုတ်အပေါ်တွင် မူတည်နေကြောင်း ဝန်ကြီးချုပ် အီမရန်ခန်း ဝန်ခံ

ပါကစ္စတန်-တရုတ် ဆက်ဆံရေးသည် အစ္စလမ်မာဘတ်၏ နိုင်ငံခြားရေးမူဝါဒဆိုင်ရာ အုတ်မြစ်ဖြစ်ကြောင်း ပါကစ္စတန်ဝန်ကြီးချုပ် အီမရန်ခန်းက ပြောကြားခဲ့ပြီး ၎င်းတို့နိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒသည် တရုတ်အပေါ်တွင် လုံးလုံးလျားလျား မူတည်နေသည်ဟု ဝန်ခံသွားခဲ့သည်။

ပါကစ္စတန်-တရုတ် ဆက်ဆံရေးသည် မိမိတို့ နိုင်ငံခြားရေးမူဝါဒ၏ အုတ်မြစ်ဖြစ်ကြောင်း ခန်းက ဖေဖေါ်ဝါရီ ၆ ရက်တွင် အလေးပေး ပြောဆိုခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် နှစ်နိုင်ငံစလုံးအနေဖြင့် တစ်နိုင်ငံချင်းစီ၏ အဓိကအကျိုးစီးပွားများနှင့် သက်ဆိုင်သည့် ကိစ္စရပ်များကို အပြန်အလှန်ကူညီပံ့ပိုးရန် အခိုင်အမာ သဘောတူထားသည်ဟု ခန်းက ပြောခဲ့ကြောင်း The Express Tribune က ဖော်ပြသည်။

ပါကစ္စတန်ဝန်ကြီးချုပ် အီမရန် ခန်းနှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ ဖေဖေါ်ဝါရီ ၆ ရက်က ပေကျင်းမြို့၌ တွေ့ဆုံပွဲအပြီး ထုတ်ပြန်ခဲ့သည့် ပူးတွဲကြေညာချက်တစ်ရပ်တွင် “ခေါင်းဆောင်နှစ်ဦးဟာ နှစ်နိုင်ငံ ဆက်ဆံရေးကိစ္စတွေအပြင် ဒေသတွင်းအခြေအနေနဲ့ နိုင်ငံတကာ နိုင်ငံရေးမြင်ကွင်းနဲ့ပတ်သက်လို့ နက်နက်နဲနဲ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါတယ်” ဟု ဖော်ပြထားသည်။

ထို့ပြင် တရုတ်၏ ခါးပတ်လမ်းရပ်ဝန်း (BRI) စီမံကိန်းနှင့်ပတ်သက်ပြီး ခန်းက ရှီကို ချီးကျူးခဲ့သလို တရုတ်-ပါကစ္စတန် စီးပွားရေး စင်္ကြန် (CPEC) သည် ပါကစ္စတန်၏ စီးပွားရေးနှင့် လူမှုဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုကို သိသိသာသာ ထောက်ကူပေးလျက် ရှိသည်ဟု ပါကစ္စတန် ဝန်ကြီးချုပ်က ပြောခဲ့သည်ဟု သိရသည်။

“ပါကစ္စတန်ဟာ တရုတ်တစ်နိုင်ငံတည်း မူဝါဒအပေါ် ထောက်ခံကြောင်း ထုတ်ဖော်ထားသလို ထိုင်ဝမ်၊ တောင်တရုတ်ပင်လယ်၊ ဟောင်ကောင်၊ ရှင်ကျန်းနှင့် တိဗက်တို့နှင့်ပတ်သက်၍လည်း တရုတ်ကို ထောက်ခံထားပါတယ်” ဟု ပူးတွဲထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required