အကြမ်းဖက်ခြိမ်းခြောက်မှုများကို အရေးယူဆောင်ရွက်ရန် ကုလဆိုင်ရာ တရုတ်သံတမန်က တာလီဘန်ကို တိုက်တွန်း

အကြမ်းဖက်ခြိမ်းခြောက်မှုများကို အရေးယူဆောင်ရွက်ရန် ကုလဆိုင်ရာ တရုတ်သံတမန်က တာလီဘန်ကို တိုက်တွန်း

ရှင်ကျန်းတွင် ဂျီဟတ် သို့မဟုတ် သန့်စင်ရေးစစ်ပွဲဆင်နွှဲရန် အရှေ့တာကစ္စတန် အစ္စလာမ္မစ်လှုပ်ရှားမှု (ETIM) အဖွဲ့ဝင်များက တိုက်တွန်းနေကြောင်း ကုလသမဂ္ဂ၏ အစီရင်ခံစာတစ်စောင် ထွက်ပေါ်လာပြီးနောက် တရုတ်နိုင်ငံအနေဖြင့် အကြမ်းဖက်ဝါဒ၏ ခြိမ်းခြောက်မှုကို ရင်ဆိုင်နေရကြောင်း ကုလသမဂ္ဂဆိုင်ရာ တရုတ်ထိပ်တန်းသံတမန်က ပြောကြားလိုက်သည်။

အကြမ်းဖက်မှုတိုက်ဖျက်ရေးအတွက်ထပ်မံအရေးယူဆောင်ရွက်ရန် အာဖဂန်နစ္စတန်မှ တာလီဘန်အစိုးရကို လည်း သံအမတ်ကြီး ကျန်းဂျန်က ဖေဖော်ဝါရီ၉ရက်က ပြုလုပ်သည့်ကုလသမဂ္ဂအစည်းအဝေး၌ တိုက်တွန်းလိုက်သည်။

“အာဖဂန်နစ္စတန်မှာ ပြည်ပတပ်တွေ ဆုတ်ခွာသွားတဲ့အတွက် လုံခြုံရေးအခြေအနေ လစ်ဟာသွားစေခဲ့ပြီး ပရမ်းပတာဖြစ်မှုတွေကို အခွင့်ကောင်းယူဖို့ အကြမ်းဖက်တပ်ဖွဲ့ဝင်တွေအတွက် အခွင့်အလမ်းဖန်တီးပေးရာရောက်နေပါတယ်” ဟု ကျန်းက နိုင်ငံတကာ လုံခြုံရေးအပေါ် အကြမ်းဖက်ဝါဒ၏ ခြိမ်းခြောက်မှုဆိုင်ရာ အစည်းအဝေးတွင် ပြောကြားခဲ့သည်။

တရုတ်အစိုးရသည်အထူးသဖြင့် တာကစ္စတန်အစ္စလာမ္မစ်ပါတီဟုလည်းသိကြသည့် ETIM ဝီဂါစစ်သွေးကြွများနှင့် တာလီဘန်တို့၏ သမိုင်းဝင်ဆက်ဆံရေးကိုလည်း စိုးရိမ်လျက်ရှိသည်။ တာကစ္စတန်အစ္စလာမ္မစ်ပါတီသည်ခွဲထွက်ဝီဂါအုပ်စုဖြစ်ပြီးအနောက်ဘက်စွန်း ရှင်ကျန်းဒေသရှိ လူမျိုးရေးတင်းမာမှုများအတွက် တရုတ်ကထိုအဖွဲ့ကိုရံဖန်ရံခါအပြစ်တင်လေ့ရှိသည်။

ဩဂုတ်လတွင် အာဖဂန်နစ္စတန်မှ အမေရိကန်တပ်ဖွဲ့များ ဆုတ်ခွာသွားပြီးနောက် သီတင်းပတ်များ အကြာတွင် ETIM အဖွဲ့ဝင်အများအပြား နိုင်ငံမှ ထွက်ခွာသွားပြီဟု တာလီဘန်ပြောရေးဆိုခွင့်ရှိသူ ဆူဟာအီရှာဟီး တရုတ်အစိုးရပိုင် Global Times သို့ ပြောကြားခဲ့သည်။

သို့သော်ETIM တိုက်ခိုက်ရေးသမား ၂၀၀ မှ ၇၀၀ အထိ အာဖဂန်နစ္စတန်တွင် ကျန်ရှိနေသေးကြောင်း ကုလသမဂ္ဂလုံခြုံရေးကောင်စီက ပြီးခဲ့သည့် သီတင်းပတ်တွင် ထုတ်ပြန်ခဲ့သည်။

အဆိုပါအဖွဲ့သည် စစ်ရေးလေ့ကျင့်မှုနှင့် တရုတ်အကျိုးစီးပွားကိုဆန့်ကျင်သည့် အကြမ်းဖက်တိုက်ခိုက်မှုများကိုစီစဉ်ရာတွင်ဆက်လက်လှုပ်ရှားနေဆဲဖြစ်ကြောင်း အစီရင်ခံစာ တွင်ဖော်ပြထားသည်။

အဖွဲ့ဝင်အချို့သည် ဂျီဟတ်အတွက် ရှင်ကျန်းသို့ ပြန်သွားရန် တောင်းဆိုနေကြကာ ဝါခန်စင်္ကြံဒေသသို့ မကြာခဏ သွားရောက်လေ့ရှိကြောင်းနှင့် ၎င်းတို့သည် ယခုအခါ ပါကစ္စတန်နှင့် တာဂျစ္စတန်အပါအဝင် တရုတ်နိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများတွင် တရုတ်အကျိုးစီးပွားကို တိုက်ခိုက်ရန် အခြားဂျီဟတ်အုပ်စုများနှင့် ပူးပေါင်းလုပ်ဆောင်နေကြောင်းအစီရင်ခံစာတွင် ဖော်ပြထားသည်။

ကျန်းကETIM ၏ခြိမ်းခြောက်မှုကို ဖြေရှင်းရေးနှင့် ထိုအဖွဲ့များပေါ်ပေါက်ရာနေရာများကို ရှင်းလင်းရင်းအစ္စလာမ္မစ်နိုင်ငံတော်နှင့်ချိတ်ဆက်မှုများကိုဖြတ်တောက်နိုင်ရေးပိုမိုကြိုးစားအားထုတ်ရန်လည်း တောင်းဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly