မိုးဗြဲမြို့တွင် တိုက်ပွဲပြင်းထန်၊ စစ်ကောင်စီတပ်ဖွဲ့ ထိခိုက်သေဆုံးမှုများ ဟုဆို

17 February 2022
မိုးဗြဲမြို့တွင် တိုက်ပွဲပြင်းထန်၊ စစ်ကောင်စီတပ်ဖွဲ့ ထိခိုက်သေဆုံးမှုများ ဟုဆို

ရှမ်းပြည်နယ်နှင့် ကရင်နီပြည်နယ် အစပ် မိုးဗြဲမြို့၊ ညောင်ဝိုင်းရပ်ကွက်ရှိ စစ်ကောင်စီ တပ်များ တပ်စွဲထားသည့် စခန်းကို ပြည်သူ့ကာကွယ်ရေးတပ် PDF ပူးပေါင်း အဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများ ရှိနိုင်ကြောင်း ဖယ်ခုံ PDF က ယနေ့ သတင်းထုတ်ပြန်သည်။

ဖေဖော်ဝါရီလ ၁၅ ရက်နေ့က မိုးဗြဲမြို့ပေါ် နေရာအနှံ့တွင် စစ်ကောင်စီတပ်များ တပ်စွဲထားပြီး ယနေ့ ဖေဖော်ဝါရီလ ၁၇ ရက် မနက်အစောပိုင်း ၅ နာရီခန့်တွင် မိုးဗြဲမြို့မှ လွိုင်ကော်မြို့သို့အထွက် ညောင်ဝိုင်း ရပ်ကွက်ရှိ စစ်ကောင်စီတပ်များကို ပူးပေါင်းအဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဖယ်ခုံ PDF ရဲဘော် တစ်ဦး မစိုးရိမ် ဒဏ်ရာရကြောင်း သိရှိရသည်။

"ဒီမနက်ကတော့ ညောင်ဝိုင်းမှာ တပ်စွဲထားတဲ့ ကောင်တွေနဲ့ ဖြစ်တာ၊ သူတို့ဘက်က ထိခိုက်မှုများတယ်၊ မိုးဗြဲနေရာ အနှံ့မှာ တစ်နေရာကို အဖွဲ့ လေးငါးဆယ်နဲ့ အင်အား အလုံးအရင်း တပ်စွဲထားတာ၊ မိုးဗြဲကို ထိန်းချုပ်ချင်တဲ့ အနေအထားရှိတယ်" ဟု ဖယ်ခုံ PDF တပ်ဖွဲ့ဝင်က မဇ္ဈိမ ကိုပြောသည်။

မိုးဗြဲ အခြေစိုက် ခမရ (၄၂၂) တပ်ရင်းနှင့် ညောင်ဝိုင်း ရပ်ကွက်ရှိ စစ်ကောင်စီ စခန်းများမှ ယမန်နေ့တွင် မိုးဗြဲမြို့ပေါ်သို့ ၆၀ မမ စိန်ပြောင်းများဖြင့် ပစ်ခတ်မှုကြောင့် စည်ကား (၃) ရပ်ကွက်ရှိ နေအိမ် တစ်လုံး မီးလောင် ပျက်စီးခဲ့သည်။

ယမန်နေ့ ဖေဖော်ဝါရီလ ၁၆ ရက်နေ့ကလည်း မိုးဗြဲတွင် တပ်စွဲထားသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့် ဖယ်ခုံ PDF၊ မိုးဗြဲ PDF၊ လွိုင်ကော် PDF၊ KNDF၊ KA၊ KGZ၊ ဒီးမော့ဆို PDF ပူးပေါင်းတပ်ဖွဲ့တို့ တစ်နေကုန်နီးပါး တိုက်ပွဲ ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ခုနှစ်ဦး သေဆုံးကြောင်း KNDF B03 က ထုတ်ပြန်ထားသည်။

လက်ရှိ အချိန်ထိ မိုးဗြဲမြို့ပေါ်တွင် စစ်ကောင်စီ တပ်သားများ အင်အား အလုံးအရင်းဖြင့် တပ်စွဲထားခြင်းကြောင့် တိုက်ပွဲများ ပြင်းထန်လာနိုင်ကြောင်း သိရသည်။

#MizzimaTV

#Mizzima

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly