AAက တိုက်ပွဲဖော်တော့မှာလား (ဆောင်းပါး)

17 February 2022
AAက တိုက်ပွဲဖော်တော့မှာလား (ဆောင်းပါး)

လက်ရှိ မြန်မာ့နိုင်ငံရေး အခင်းအကျင်းဟာ တစ်နှစ်ကျော် ကာလအတွင်း ဒီမိုကရေစီ သွားရာစီးကြောင်းကနေ ပြောင်းပြန်လန်ကျသွားရာက နိုင်ငံအနှံ မတည်ငြိမ်မှုတွေ၊ တိုက်ပွဲတွေ၊ ပေါက်ကွဲမှုတွေနဲ့ ပြည့်လာနေပါတယ်။ ဒီလို တစ်နိုင်ငံလုံး နီးပါး မတည်ငြိမ်မှုတွေ ရှိနေပေမယ့် တစ်နေရာကတော့ ဒါတွေနဲ့ ဆန့်ကျင်ဘက် ဆိုသလို အေးချမ်းသယောင်ယောင် ဖြစ်နေတာကို တွေ့ရပါတယ်။ ဒါကတော့ ရခိုင်ပြည်ပါ။
၂ နှစ် ဝန်းကျင်လောက် ရခိုင်ပြည် မြောက်ပိုင်းမှာ ရက္ခိုင့်တပ်တော် - AA နဲ့ စစ်တပ်တို့ဟာ မီးကမ်းယမ်းကုန် ချနေကြရာကနေ ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲပြီးခါစမှာပဲ ရုတ်ခြည်းဆိုသလို တိုက်ပွဲတွေ ရပ်သွားပါတယ်။ ဒီနောက်မှာတော့ မြန်မာနိုင်ငံရဲ့ ကံဆိုးမိုးမှောင်ကျမှုဟာ ဖေဖော်ဝါရီ ၁ ကနေ စခဲ့ပါတော့တယ်။ ဆန္ဒပြပွဲတွေကို စစ်တပ်က အကြမ်းဖက် ဖြိုခွဲမှုကနေ လူထုကို လက်နက်ကိုင်လမ်းစဉ်ဆီ တွန်းပို့လိုက်ပါတော့တယ်။ဒီလမ်းပေါ် ရောက်လာတဲ့အထဲ ထူးခြားတာကတော့ တစ်နိုင်ငံလုံးက ဗမာအများစုဟာ စစ်တပ်ကို တွန်းလှန်ဖို့အတွက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း - EAOတွေရဲ့ အကူအညီကို အများဆုံး ရယူခဲ့ကြတာ ဖြစ်ပါတယ်။ ထင်ထင်ပေါ်ပေါ်မဟုတ်ဘဲ PDF တွေကို လေ့ကျင့်သင်တန်းပေးကြတဲ့ အဖွဲ့တွေ ရှိကြပြီး ဒီထဲမှာ AA လည်း ပါဝင်တယ်လို့ ယူဆနိုင်ပါတယ်။ တရားဝင် ထုတ်ဖော်ပြောဆိုတာ မရှိပေမယ့် မြေပြင်က ရတဲ့ သတင်းအချက်အလက်တွေအရဆိုရင် ၂၀၂၁ ခုနှစ် နှစ်လည်ပိုင်းလောက်မှာကတည်းက တချို့သော ပြည်မက လူငယ်တချို့ဟာ AA ဆီမှာ စစ်သင်တန်းတက်ခဲ့ကြတာ ဖြစ်ပါတယ်။တစ်ဖက်မှာလည်း AA ဟာ ဒီပဋိပက္ခရဲ့ ခပ်ဝေးဝေးမှာပဲ နေသလို NUG ဘက်က အစောပိုင်းချဉ်းကပ်မှုကိုလည်း လက်မခံခဲ့တဲ့ သတင်းတွေ ထွက်လာပါတယ်။ ထူးခြားမှုအဖြစ် ဒီနှစ်ဆန်းပိုင်းမှာတော့ NUG နဲ့ AA ဆွေးနွေးတယ်တဲ့ ဆိုတဲ့ သတင်းတွေ ပြန်ကြားလာရတာ ဖြစ်ပါတယ်။NLD အစိုးရလက်ထက်မှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့သလောက် စစ်တပ်အာဏာသိမ်းထားချိန်မှာ ငြိမ်ကျသွားတဲ့ AA ကို တချို့ကလည်း အပြစ်တင်ဝေဖန်ချက်မျိုး ပေးကြတာရှိပြီး “AA ဘာလဲ ဘယ်လဲ” ဟာလည်း အများအကြား စိတ်ဝင်စားစရာ အကြောင်းအရာတစ်ခု ဖြစ်နေပါတယ်။
လက်ရှိအချိန်မှာ စိတ်ဝင်စားစရာ အကောင်းဆုံးကတော့ AA တိုက်ပွဲ ပြန်ဖော်လာနိုင်သလားဆိုတာပါပဲ။
#MizzimaTV
#Politics

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly