လေးကေ့ကော်ဒေသ ဖလူးတိုက်ပွဲ စစ်ကောင်စီဘက်မှ အကျအရှုံးများ

16 February 2022
လေးကေ့ကော်ဒေသ ဖလူးတိုက်ပွဲ စစ်ကောင်စီဘက်မှ အကျအရှုံးများ

ဖေဖော်ဝါရီလ ၁၆ ရက်

မြဝတီခရိုင်၊ လေးကေ့ကော်ဒေသ ဖလူးကျေးရွာအနီး၌ စစ်ကောင်စီတပ်၊ နယ်ခြားစောင့်တပ် (BGF) ပူးပေါင်းအဖွဲ့ နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းအဖွဲ့တို့ ယနေ့ ဖေဖော်ဝါရီလ ၁၆ ရက်တွင် တိုက်ပွဲ ပြင်းထန်ခဲ့သည်။

အဆိုပါ တိုက်ပွဲတွင် ဖလူး ကျေးရွာအနီးရှိ ဘုရားကုန်းကို KNLA ပူးပေါင်းအဖွဲ့က တိုက်ခိုက် သိမ်းပိုက် နိုင်ခဲ့ပြီး စစ်ကောင်စီဘက်မှ အကျအဆုံး များသည်ဟု ဟု PDFတပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။

“စစ်ကောင်စီ ဘက်က ကားသုံးစီးနဲ့ အလောင်းတွေကို ပြန်သယ်သွားတယ်။ သူတို့ဘက်က အကျအဆုံး များတယ်။ လက်နက်တွေနဲ့ စစ်သုံးပစ္စည်းအချို့ ကျနော်တို့ သိမ်းနိုင်ခဲ့တယ်။ ကျနော်တို့ ဘက်က သုံးယောက် ဒဏ်ရာရပါတယ်။ အကျအဆုံးမရှိပါဘူး” ဟု ၎င်းက ပြောသည်။

စစ်ကောင်စီက ၎င်းတို့ ပေးလိုက်ရသည့် ဘုရားကုန်း နေရာကို စစ်ရဟတ်ယာဉ်များ အသုံးပြုကာ ပြန်လည် တိုက်ခိုက်ခဲ့ခြင်းကြောင့် KNLA ပူးပေါင်းအဖွဲ့ ပြန်လည် ဆုတ်ခွာခဲ့သည်။

“ဘုရားကုန်းကို ကျွန်တော်တို့ သိမ်းနိုင်ခဲ့တော့ သူတို့က စွယ်တော်ကုန်းကနေ လက်နက်ကြီးတွေနဲ့ ပစ်တယ်။ စစ်ရဟတ်ယာဉ် နှစ်စီးနဲ့ လာပစ်တယ်။ အဲ့ဒီတော့ ကျနော်တို့ နောက်ဆုတ် ပေးလိုက်တယ် ”ဟု PDFတပ်ဖွဲ့ဝင်က ပြောသည်။

စစ်ကောင်စီတပ်သည် တိုက်ပွဲ နောက်ဆက်တွဲ အဖြစ် လေးကေ့ကော်အနီး အမြောက်ကုန်း (ဒေသအခေါ် ခွေးကုန်း )မှ လက်နက်ကြီးများဖြင့် ဖလူးဒေသကို ပစ်ခတ်နေသည်ဟု ဆိုသည်။

အဆိုပါ တိုက်ပွဲကြောင့် စစ်ကောင်စီတပ် လက်နက်ကြီး ထိမှန်ပြီး ဖလူးဒေသရှိ ဘာသာရေး အဆောက်အအုံများ၊ နေအိမ်များ ပျက်စီးခဲ့ပြီး ထိုင်းနိုင်ငံ နယ်စပ် သောင်းရင်းမြစ် ဘေးသို့ စစ်ဘေးရှောင်များ ထွက်ပြေးနေကြရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly