လေးကေ့ကော်ဒေသတွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွား၊ စစ်ရဟတ်ယာဉ် ၂ စီးပျံဝဲနေ

လေးကေ့ကော်ဒေသတွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွား၊ စစ်ရဟတ်ယာဉ် ၂ စီးပျံဝဲနေ
ဓာတ်ပုံ - CJ

ဖေဖော်ဝါရီလ ၁၆ ရက်

ကရင်ပြည်နယ်၊ မြဝတီခရိုင် လေးကေ့ကော်ဒေသ ကရင်အမျိုးသားအစည်းအရုံး (KNU/KNLA) တပ်မဟာ (၆) နယ်မြေတွင် ဖေဖော်ဝါရီလ ၁၄ ရက်မှ ယနေ့ ၁၆ ရက်နေ့အထိ စစ်ကောင်စီတပ်နှင့် KNLA၊ PDF ပူးပေါင်းတပ်တို့ တိုက်ပွဲများ ဖြစ်ပွားနေကြောင်း ဒေသခံများထံမှ သိရသည်။ 

လေးကေ့ကော်မြို့သစ် တစ်ဝိုက် ယနေ့ နေ့လယ် ၃ နာရီဝန်းကျင်တွင် စစ်ရဟတ်ယာဉ် နှစ်စီး ပျံဝဲနေကြောင်း ဒေသခံများက ပြောသည်။ 

“မနေ့က နေ့လယ်လောက်မှာ ဖလူးလေးက ဘုရားကုန်းနားမှာ ထိတွေ့မှု ဖြစ်တယ်၊ စစ်ခွေး (စစ်ကောင်စီတပ်) တွေက အဲ့နေရာမှာ စခန်းချနေတာပေါ့၊ သူတို့က ကားလမ်းမ တစ်လျှောက် နေရာအကုန်ယူ ထားကြတာ၊ အခုလည်း ကျွန်တော်တို့ဘက်က ပြောက်ကျား သွားတိုက်တယ်၊ ဟိုကောင်တွေကလည်း လေးကေ့ကော်နားက အမြှောက်ကုန်းကနေ လက်နက်ကြီးနဲ့ ပစ်ကူပေးတယ်၊ အဲ့ဒါကို ကျွန်တော်တို့ဘက်က တစ်ဖွဲ့ကလည်း အဲ့အမြှောက်ကုန်းကို လက်နက်ငယ်နဲ့ ပြန်ပစ်တယ်ပေါ့၊ လောလောဆယ် တိုက်ပွဲက အဲ့လို အနေထားရှိတယ်၊ ဒီနေ့ ဖလူးနဲ့ ရသေ့ဂူအကြားမှာ ထပ်ချနေတယ်” ဟု KNLA ရှေ့တန်းထောက်ပို့ အဖွဲ့ဝင်တစ်ဦးက ပြောသည်။

ဖေဖော်ဝါရီလ ပထမ အပတ်တွင် လေးကေ့ကော် ဒေသသို့ စစ်ကောင်စီယာဉ်တန်း ၁၀ စီးကျော် ဝင်ရောက်လာကြောင်း ယခု တိုက်ပွဲများ ဖြစ်ပွားနေသဖြင့် စစ်ကောင်စီတပ်က မြဝတီမြို့မှ လာသည့် ကားများ မယ်ထော်သလေးကျေးရွာမှ ဆက်လက် ထွက်ခွါခွင့် မပေးကြောင်း ဆိုသည်။ 

“ပြီးခဲ့တဲ့လက ကျွန်မတို့ကို စစ်ကောင်စီက ကျေးရွာတွေမှာ ပြန်နေကြဖို့ လာပြောတယ်၊ တိုက်ပွဲတွေ မဖြစ်တော့ပါဘူး ဆိုပြီးတော့၊ နောက်ပြီး ထိုင်းဘက်က စစ်ရှောင်စခန်းတွေကလည်း ပိတ်လိုက်ပြီး နေရပ်ကို ပြန်ခိုင်းတာ၊ အခု သူတို့ကို ယုံမိလို့ ဒုက္ခများပြီလေ၊ ဒီနေ့တော့ သောင်ရင်းမြစ်ဘေး အိပ်ရတော့မယ်” ဟု မင်းလက်ပံကျေးရွာနေ အမျိုးသမီး တစ်ဦးက ပြောသည်။  

၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းတပ် စတင်တိုက်ပွဲဖြစ်ခဲ့ရာ တိုက်ပွဲ နှစ်လပြည့်ပြီ ဖြစ်ပြီး  လေးကေ့ကော်မြို့သစ်၊ မယ်ထော်သလေး၊ ပဲဟိကလော၊ ထီးမယ်ဝါးခီး၊ မင်းလက်ပံ၊ ဖလူးကြီး၊ ဖလူးလေးနှင့် ရသေ့ဂူ စသည့် ကျေးရွာမှ ပြည်သူ အများအပြား စစ်ဘေးရှောင် နေရသည်။ 
ပြီးခဲ့သည့်လ အတွင်း စစ်ဘေးရှောင်စခန်း ဖြစ်သည့် DKBA ဗိုလ်စောစလုံး စခန်းကို စစ်ကောင်စီက လေကြောင်း အကူဖြင့် တိုက်ခိုက်ခဲ့ရာ အရပ်သားအချို့ သေဆုံး ဒဏ်ရာရရှိခဲ့ပြီး စခန်း ဖျက်ဆီးခံခဲ့ရသည်။ 

လက်ရှိ ဒေသခံများ စစ်ရှောင်စခန်းများတွင် မနေထိုင်ရဲသဖြင့် ထိုင်း-မြန်မာနယ်စပ် သောင်းရင်းမြစ်ဘေး တစ်လျှောက် စုဖွဲ့ နေထိုင်နေရပြီး အစားအသောက်၊ သောက်ရေ၊ ဆေးဝါးများ ရရှိရေး ထိုင်းနိုင်ငံဘက် အားကိုးနေရကြောင်း၊ မဇ္ဇျိမ က ရရှိထားသည့် အချက်အလက်များအရ လေးကေ့ကော် တိုက်ပွဲကြောင့် ထွက်ပြေးနေရသည့် ဒေသခံ ပြည်သူ ၄၀၀၀ ကျော်ရှိကြောင်း သိရသည်။

ဖလူကြီးကျေးရွာနှင့် အနီးတစ်ဝိုက်ရွာများ ယာယီစစ်ဘေးရှောင်စခန်းဖွင့်ထားရာ ဖလူးကျေးရွာ အလယ်တန်းကျောင်းတွင် စာရင်းပေးသွင်းနေရပြီး တိုက်ပွဲအခြေအနေ ပြင်းထန်လာပါက အခြားနေရာဖြစ်သည့် သောင်ရင်းမြစ်ကမ်းသို့ ထပ်မံပြောင်းရွှေ့နိုင်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required