ငြိမ်းချမ်းရေးနှင့် ဖက်ဒရယ် ပြည်ထောင်စု ပေါ်ထွန်းရေး စစ်ကောင်စီပေါ် မူတည်ဟု မွန်ညီညွတ်ရေးပါတီဆို

ငြိမ်းချမ်းရေးနှင့် ဖက်ဒရယ် ပြည်ထောင်စု ပေါ်ထွန်းရေး စစ်ကောင်စီပေါ် မူတည်ဟု မွန်ညီညွတ်ရေးပါတီဆို

ဖေဖော်ဝါရီလ ၁၆ ရက်

နှစ်ပေါင်း ၇၀ ကျော်ကြာ မရရှိသေးသော ပြည်တွင်း ငြိမ်းချမ်းရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေးသည် အာဏာ သိမ်းယူထားသည့် စစ်ကောင်စီပေါ်တွင် မူတည်နေကြောင်း မွန်ညီညွတ်ရေးပါတီ ပြောရေးဆိုခွင့်ရှိသူ နိုင်တလညီက မဇ္ဈိမကို ပြောသည်။

ယနေ့ ဖေဖော်ဝါရီ ၁၆ ရက်တွင် ကျရောက်သော (၇၅) နှစ်မြောက် စိန်ရတု မွန်အမျိုးသားနေ့တွင် ပြည်တွင်း ငြိမ်းချမ်းရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေးအပေါ် ယင်းသို့ သုံးသပ်ခြင်း ဖြစ်သည်။

"ကျွန်တော်တို့ ငြိမ်းချမ်းရေး အတွက်ဘဲ ပြောပြော၊ ဖက်ဒရယ် ဒီမိုကရေစီ အတွက်ဘဲဆိုဆို တိုင်းပြည်ကို အုပ်ချုပ်ပြီးတော့ အာဏာရယူထားတဲ့ စစ်ကောင်စီအပေါ် အများကြီး မူတည်တယ်။ ကျွန်တော်တို့ တိုင်းပြည်မှာ နိုင်ငံရေးအရ ဖြေရှင်းမှု မလုပ်နိုင်သေးသမျှ ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခက နှစ်ပါင်း ၇၀ ကျော်ပြီ။ အဲ့ဒီတော့ အဆုံးသတ်ဖို့ အတွက်ရယ်၊ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုကို သွားဖို့ သိပ်ကို အရေးကြီး သွားပြီ။ ဒီနေ့ ဒီအချိန်မှာ တိုင်းပြည်နဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်ဟာ အတော်လေးကို အလှမ်းဝေး နေသေးတာပေါ့။ ငြိမ်းချမ်းဖြစ်စဉ်က သက်ဆိုင်သူ အားလုံး ပါဝင်နိုင်ရမယ်။ အဓိကကျတဲ့ အင်အားစုတွေက အရေးကြီးတယ်။

အဓိကကျတဲ့ အင်အားစုတွေ အက္ခရာကျတဲ့ အင်အားစုတွေ မပါဝင်ဘူး ဆိုရင်တော့ ကျွန်တော်တို့ မြန်မာပြည် ငြိမ်းချမ်းရေးကတော့ ဒီလိုဘဲ ဝေးနေဦးမယ်လို့ ကျွန်တော်တို့ မြင်ပါတယ်" ဟု ၎င်းကဆိုသည်။

လက်ရှိ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(PPST) အနေဖြင့်  ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်ရာ၌ တရားဝင် အစိုးရ တစ်ရပ်နှင့် လွှတ်တော် မရှိခြင်းကြောင့် ဘေးကြပ်နံကြပ်  ဖြစ်နေရသည်ဟု ဆိုသည်။

"PPST အနေနဲ့က NCA လမ်းကြောင်းအတိုင်း ရပ်တည်နေတာပေါ့လေ။ ဒါပေမယ့် အစိုးရ တစ်ရပ်နဲ့ လွှတ်တော် မရှိတာကြောင့် နိုင်ငံရေး ဆွေးနွေးပွဲမှာ ဘေးကြပ်နံကြပ် လုပ်နေရတဲ့ အနေအထား ရှိနေတာပေါ့။ ဒါကို ဘယ်လို ဖောက်ထွက်နိုင်မလဲ ဆိုတာ စဉ်းစားရမှာပေါ့။ အခုဖြစ်နေတဲ့ နိုင်ငံရေး အနေအထားကို အားလုံး ဝိုင်းဝန်းပြီး အဖြေရှာကြပါလို့ဘဲ တိုက်တွန်းချင်ပါတယ်" ဟုပြောသည်။ 

ယနေ့ ကျရောက်သည့် မွန်အမျိုးသားနေ့ကို လက်ရှိ နိုင်ငံရေး အခြေအနေနှင့် အိုမီခရွန် ဗိုင်းရပ်စ် ရောဂါကြောင့် တိုင်းနှင့် ပြည်နယ်များတွင် အကျဉ်းချုံး ကျင်းပခဲ့ကြောင်း ဆိုသည်။ 

မွန်အမျိုးသားနေ့ အခမ်းအနားသို့ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူ စာချုပ် လက်မှတ် ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့ ပါဝင်သည့် ငြိမ်းချမ်းရေး လုပ်ငန်း ဦးဆောင်အဖွဲ့ (PPST) က သဝဏ်လွှာ ပေးပို့ခဲ့သည်။

NCA လက်မှတ် ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် ၁၀ ဖွဲ့မှာ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF)၊ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ(ALP)၊ ချင်းအမျိုးသား တပ်ဦး(CNF)၊ ဒီမိုကရေစီ အကျိုးပြု ကရင့် တပ်မတော်(DKBA)၊ ကရင်အမျိုးသား အစည်းအရုံး(KNU)၊ ကရင်အမျိုးသား အစည်းအရုံး/ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်(KNU/KNLA-PC)၊ ပအိုဝ်း အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO)၊ သျှမ်းပြည်ပြန်လည်ထူးထောင်ရေးကောင်စီ/ သျှမ်းပြည် တပ်မတော် (RCSS/SSA)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး (LDU) တို့ ဖြစ်သည်။

သို့သော် NCA လက်မှတ် ရေးထိုးထားသည့် အဖွဲ့အစည်းအချို့နှင့် စစ်ကောင်စီတပ် မြေပြင်တွင် တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားနေသည်ကိုလည်း တွေ့ရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required