အာဖဂန်ဂျာနယ်လစ်များအပေါ် တာလီဘန်တို့ ပိုမိုနှောင့်ယှက်ဒုက္ခပေးလာနေဟု နယ်စည်းမခြား သတင်းထောက်များအဖွဲ့ ပြော

By Zee5
15 February 2022
အာဖဂန်ဂျာနယ်လစ်များအပေါ် တာလီဘန်တို့ ပိုမိုနှောင့်ယှက်ဒုက္ခပေးလာနေဟု နယ်စည်းမခြား သတင်းထောက်များအဖွဲ့ ပြော

အာဖဂန်နစ္စတန်နိုင်ငံတွင် ဂျာနယ်လစ်များနှင့် မီဒီယာလုပ်သားများသည် ယခုအခါ တာလီဘန်အာဏာပိုင်တို့၏ “နှောင့်ယှက်ဒုက္ခပေးမှု” နှင့် ပိုမို ရင်ဆိုင်လာနေရကြောင်း နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) က ဖေဖေါ်ဝါရီ ၄ ရက်တွင် ပြောကြားကာ ယင်းလုပ်ရပ်များ မြင့်တက်လာခြင်းအပေါ် RSF က ရှုတ်ချ လိုက်သည်။

‘Istikhbarat’ ဟု သိကြသည့် တာလီဘန် ထောက်လှမ်းရေး အေဂျင်စီ နှင့် အကျင့်သီလ ကောင်းမွန်ရေးနှင့် ဒုစရိုက် ကာကွယ်ရေး ဝန်ကြီးဌာနတို့သည် ဂျာနယ်လစ်များအပေါ် နှောင့်ယှက်ဒုက္ခပေးရာတွင် တိုက်ရိုက် ပါဝင်ပတ်သက်ကာ နိုင်ငံ၏ သတင်းမီဒီယာဥပဒေကို ချိုးဖောက်ခြင်း ဖြစ်ကြောင်း RSF က ထုတ်ပြန်ချက်တစ်စောင်တွင် ပြောသည်။

“အာဖဂန်နစ္စတန်မှာ ပြီးခဲ့တဲ့ နှစ်လအတွင်း ဂျာနယ်လစ်တွေနဲ့ မီဒီယာလုပ်ငန်းတွေ ဆင့်ခေါ်ခံရပြီး စစ်ဆေးမေးမြန်းခံရတာတွေ၊ မတရား ဖမ်းဆီးထိန်းသိမ်းခံရတာတွေနဲ့အတူ ဂျာနယ်လစ်တွေအပေါ် ခြိမ်းခြောက်မှုတွေ မြင့်တက်လာမှုကို နယ်စည်းမခြား သတင်းထောက်များအဖွဲ့အနေနဲ့ ပြစ်တင်ရှုတ်ချတယ်” ဟု ပါရီ အခြေစိုက် အဖွဲ့က ထုတ်ပြန်ချက်တွင် ပြောသည်။

အာဖဂန်နစ္စတန်တွင် ယမန်နှစ် ဩဂုတ်လ ၁၅ ရက်က တာလီဘန်တို့ ထိန်းချုပ်ပြီးနောက်ပိုင်း ဂျာနယ်လစ်များနှင့် မီဒီယာလုပ်သား အနည်းဆုံး ၅၀ ဦးခန့်သည် ရဲတပ်ဖွဲ့ သို့မဟုတ် တာလီဘန်ထောက်လှမ်းရေးအေဂျင်စီ၏ ခေတ္တခဏမျှ ထိန်းသိမ်းဖမ်းဆီးခြင်းကို ခံခဲ့ရသည်။

အဆိုပါ ဖမ်းဆီးမှုများတွင် တခါတရံ အကြမ်းဖက်မှုပါ တွဲပါလာတတ်ပြီး အနည်းဆုံး နာရီနှင့်ချီပြီး ဖမ်းဆီးခံရမှုကနေ အများဆုံး တစ်ပတ်နီးပါးကြာအထိ ဖမ်းဆီးထိန်းသိမ်းခံရမှုများ ရှိနေခဲ့သည်။ များသောအားဖြင့် မြို့တော် ကဘူးလ်၌ အမျိုးသမီးများ လမ်းပေါ်ထွက် ဆန္ဒထုတ်ဖော်မှုများကို ဂျာနယ်လစ်များ သတင်းရယူချိန် ထိုဖမ်းဆီးမှုများ ဖြစ်ပေါ်ထားခဲ့ခြင်းဖြစ်သည်။ တာလီဘန် ထောက်လှမ်းရေးအေဂျင်စီသည် မီဒီယာအပေါ် နှောင့်ယှက် ဒုက္ခပေးရာတွင် အရေးပါသည့် အခန်းနေရာကနေ ပါဝင်ပတ်သက်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly