ပါကစ္စတန်တွင် တရားမဝင် ဖွင့်လှစ်ထားသည့် ပုဂ္ဂလိကတက္ကသိုလ် ၁၅၀ နီးပါး ရှိနေ

ပါကစ္စတန်တွင် တရားမဝင် ဖွင့်လှစ်ထားသည့် ပုဂ္ဂလိကတက္ကသိုလ် ၁၅၀ နီးပါး ရှိနေ

ပါကစ္စတန်နိုင်ငံတွင် ပုဂ္ဂလိက တက္ကသိုလ် ၁၄၇ ခုသည် အရေးယူမှုမခံရဘဲ တရားမဝင် ဖွင့်လှစ် နေကြောင်း၊ ယင်းကိစ္စနှင့်ပတ်သက်ပြီး သက်ဆိုင်ရာ စည်းမျဉ်းထိန်းသိမ်းမှုအဖွဲ့များနှင့် အစိုးရယန္တရားအကြား ချိတ်ဆက် ပူးပေါင်းဆောင်ရွက်မှု မရှိခြင်း၊ ပူးပေါင်းလုပ်ဆောင်ရန် ဆန္ဒမရှိခြင်းနှင့် ရှုပ်ထွေးခြင်းတို့ ရှိနေကြောင်း Dawn သတင်းဌာနက ဖော်ပြသည်။

နိုင်ငံတွင် “အတုအယောင်ဖြစ်သော၊ တရားမဝင်သော ၊ ဥပဒေနှင့် မညီသော၊ တရားဝင်အသိအမှတ်ပြုမှု မရရှိထားသော အင်စတီကျူးရှင်းများ” ရှိနေကြောင်း အဆင့်မြင့် ပညာရေး ကော်မရှင် (HEC) က ထုတ်ဖော်ခဲ့ချိန်တွင် အဆိုပါ သတင်းထွက်ပေါ်လာခြင်း ဖြစ်သည်။

သက်ဆိုင်ရာ ပြည်နယ်အဖွဲ့အစည်းများက ထို တရားမဝင်သော တက္ကသိုလ်များအပေါ် အရေးယူရန် ပျက်ကွက်ထားခဲ့သည်ဟုလည်း Dawn သတင်းဌာနက ဖော်ပြသည်။

HEC က ဝေမျှထားသော စာရင်းတစ်ခုအရ နိုင်ငံတွင် ပုဂ္ဂလိက တက္ကသိုလ် ၁၄၇ ခုသည် တရားမဝင် ဖွင့်လှစ်လည်ပတ်နေသည်ဟု ပြသနေကြောင်း ပါကစ္စတန်သတင်းစာက ဖော်ပြသည်။

ယင်းအတွက်ကြောင့် အဆိုပါ ပုဂ္ဂလိက တက္ကသိုလ်များ၌ ကျောင်းဝင်ခွင့်အတွက် လျှောက်ထားရာတွင် ကျောင်းသားများနှင့် မိဘများအနေဖြင့် သတိရှိရန် လိုကြောင်း ကော်မရှင်က သတိပေးခဲ့သည်။

ပြည်နယ်အလိုက် ဒေတာအချက်အလက်များအရ ပန်ဂျပ်ပြည်နယ်က ဦးဆောင်နေကာ ယင်းပြည်နယ်၌ တရားဝင် အသိအမှတ်ပြုမခံထားရသည့် ပုဂ္ဂလိက တက္ကသိုလ် ၉၆ ခု ရှိရာတွင် ယင်းတို့သည် ယခုအချိန်အထိ ကျောင်းသားရာနှင့်ချီကို ဘွဲ့ဒီဂရီ အစီအစဉ်အချို့ ပေးအပ်နေဆဲဖြစ်ကြောင်း Dawn သတင်းဌာနက ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly