စစ်ကိုင်းမြို့နယ် ရေမျက်ကြီးအင်းအတွင်း လေယာဉ် ပျက်ကျဟု သတင်းထွက်ပေါ်

By စိုင်းခန့်
16 February 2022
စစ်ကိုင်းမြို့နယ် ရေမျက်ကြီးအင်းအတွင်း လေယာဉ် ပျက်ကျဟု သတင်းထွက်ပေါ်

ဖေဖော်ဝါရီ ၁၆

စစ်ကိုင်းတိုင်း မြောက်ဘက်ရှိ ရေခါးအင်း (ခေါ်) ရေမျက်ကြီးအင်းအတွင်း ယနေ့ ဖေဖော်ဝါရီလ ၁၆ ရက် နံနက် ၁၀ နာရီ ၅၃ မိနစ်အချိန်က ပေါက်ကွဲသံနှစ်ချက် ကြားလိုက်ရပြီးနောက် လေယာဉ်တစ်စီး ပျက်ကျခြင်း ဖြစ်နိုင်ကြောင်း ဒေသခံများက ပြောသည်။

"အစက ဗုံးကြဲတယ်ပဲ ထင်နေတာ။ အခု အတည်ပြုရတာက လေယာဉ်ပျက်ကျတယ် ကြားတယ်။ မီးခိုးတွေမဲပြီး အသံနှစ်ဆင့် ကြားပြီးနောက် ပျက်ကျတယ်ဆိုပြီး သိရတယ်။ အခု စစ်ကိုင်းဘက်က မီးသတ်တွေ အသင်းအဖွဲ့တွေ သွားနေတယ်။ အဲ့ဒီကန်က စစ်ကိုင်းမှာ အကြီးဆုံးကန်" ဟု သတင်းရင်းမြစ်က ပြောသည်။

လေယာဉ်ပျက်ကျ သွားသည်ဆိုသည့် ရေခါးအင်း (ခေါ်) ရေမျက်ကြီးအင်း အတွင်း စပိဘုတ်များဖြင့် ရှာဖွေနေမှုများ ရှိနေသလို ကောင်းကင်တွင်လည်း စစ်ကောင်စီ တိုက်လေယာဉ်နှင့် ရဟတ်ယာဉ်များ ပျံဝဲနေကြောင်း သိရသည်။

"အဲ့ဒီ အင်းပတ်လည်မှာ ရွာ ၁၅ ရွာရှိတယ်။ အခုတော့ စစ်တပ်က လေယာဉ်တွေ ကောင်းကင်မှာ ဝဲနေပြီ။ လာစစ်ဆေးနေကြတာလား မသိဘူး။ အလောင်း တစ်လောင်းတွေ့တယ်လည်း ကြားနေတယ်။ နောက်တစ်ခု ကြားတာက မင်းဝံတောင်ရိုးပေါ်ကနေ ပစ်ချတယ်လို့လည်း ကြားနေတယ်။ ဗုံးအရင် စကြဲလို့ ပစ်ချတာလို့လည်း ပြောနေတယ်။ အတည်ပြုလို့တော့ မရသေးဘူး" ဟု ၎င်းက ဆက်ပြောသည်။

လေယာဉ်ပျက်ကျမှု သတင်းနှင့်ပတ်သက်ပြီး အသေးစိတ် အချက်အလက်များကို မဇ္ဈိမက ဆက်လက် စုံစမ်းလျက်ရှိသည်။

ဗီဒီယိုအညွှန်း - လေယာဉ်ပျက်ကျသွားသည် ဆိုသည့် နေရာအနီး ပျံသန်း စစ်ဆေးနေသည့် ရဟတ်ယာဉ်တစ်စီး။ (ရိုက်ကူး - CJ)

#ရေမျက်ကြီးအင်း

#စစ်ကိုင်းတိုင်း

#လေယာဉ်ပျက်ကျ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly