အသေခံဗုံးခွဲရန် အိုင်အက်စ်ထံမှ ညွန်ကြားချက် စောင့်နေသည့် နိုင်ငံသားအား မလေးရှား ဖမ်းဆီး

အသေခံဗုံးခွဲရန် အိုင်အက်စ်ထံမှ ညွန်ကြားချက် စောင့်နေသည့် နိုင်ငံသားအား မလေးရှား ဖမ်းဆီး

ကွာလာလမ်ပူ၊ ဇန်နဝါရီ ၁၆ ။           ။ မလေးရှားနိုင်ငံတွင် အသေခံဗုံးခွဲရန် ကြံစည်ထားသည့် လူငယ်တစ်ဦးအား လက်နက်နှင့်အတူ အိုင်အက်စ်တို့၏ မှတ်တမ်းမှတ်ရာများနှင့် အာဏာပိုင်များက ဖမ်းဆီးရမိကြောင်း အမျိုးသားရဲတပ်ဖွဲ့အကြီးအကဲ ခါလစ်အဘူဘာကာက ဇန်နဝါရီ ၁၆ ရက်က ပြောသည်။

အင်ဒိုနီးရှားနိုင်ငံတွင် အိုင်အက်စ်များက ကျုးလွန်သည်ဟု ကြွေးကြော်ထားသည့် တိုက်ခိုက်မှုများ ဇန်နဝါရီ ၁၄ ရက်က ဖြစ်ပွားထားရာ အိမ်နီးချင်းက မွတ်စလင်အများစုနိုင်ငံဖြစ်သော မလေးရှားတွင် လုံခြုံရေးတပ်လှန့်ထားရသည်။ အင်ဒိုနီးရှားတိုက်ခိုက်မှုများတွင် အစွန်းရောက်တိုက်ခိုက်ရေးသမား ငါးဦးအပါအဝင် လူခုနစ်ဦး သေဆုံးခဲ့သည်။

"ရထားဘူတာရုံတစ်ခုမှာ ဇန်နဝါရီ ၁၅ ရက်က သံသယရှိ အမျိုးသားတစ်ဦးကို လက်နက်နဲ့ အိုင်အက်စ်မှတ်တမ်းများနဲ့အတူ E8CK အကြမ်းဖက်တန်ပြန်အဖွဲ့က ဖမ်းမိခဲ့တာပါ။"ဟု ရဲချုပ်က တွစ်တာတွင် ရေးသားထားသည်။

အဆိုပါ ရထားဘူတာရုံမှာ ကွာလာလမ်ပူမြို့လယ်ရှိ အထင်ကရ အဆောက်အအုံဖြစ်သည့် အမြွာတာဝါအနီးတွင် တည်ရှိပြီး ယင်းနေရာသည် နိုင်ငံခြားသားများဖြင့် စည်ကားရာနေရာဖြစ်သည်။

ဖမ်းမိသူ သံသယရှိသူ နေအိမ်သို့ ဝင်ရောက်စစ်ဆေးမှုအရ ဓားတစ်လက်နှင့် အိုင်အက်စ်မှတ်တမ်းများကို တွေ့ရှိရမိခြင်းဖြစ်ကြောင်း နိုင်ငံ၏ အကြမ်းဖက်တန်ပြန်အဖွဲ့ လက်ထောက်ညွန်ကြားရေးမှူးချုပ်ဖြစ်သူ အေယော့ခန်းက အေအက်ဖ်ပီသို့ အတည်ပြုပြောသည်။

ဖမ်းမိထားသူ အသက် ၂၈ နှစ်အရွယ် မလေးရှားနိုင်ငံသားဖြစ်သူမှာ အသေခံဗုံးခွဲရန် စီစဉ်နေခြင်းကို ဝန်ခံပြီးကြောင်းလည်း ခါလစ်က ထုတ်ပြန်ထားသည်။

"ဖမ်းထားခဲ့သူက မလေးရှားနိုင်ငံတွင်းမှာ အသေခံဗုံးခွဲဖို့ ကြံစည်နေတာ ဝန်ခံတယ်။ ဆီးရီးယားက အိုင်အက်စ်အဖွဲ့ဝင်တွေဆီက ညွန်ကြားချက်ကို စောင့်နေတယ်ဆိုတာလည်း ဝန်ခံထားတယ်။"ဟု ခါလစ်က ပြောသည်။

ဇန်နဝါရီ ၁၁ ရက်နေ့ကလည်း တူရကီမှ ပြည်နှင်ဒဏ်ပေးထားသည့် မလေးရှားနိုင်ငံသား အိုင်အက်စ်သံသယရှိသူ သုံးဦးအား လုံခြုံရေးတပ်ဖွဲ့ဝင်များက လက်ရဖမ်းဆီးနိုင်ခဲ့ကြောင်း ခါလစ်က ပြောသည်။ "သူတို့ကို တူရကီမှာ စဖမ်းမိတာပါ။ အိုင်အက်စ်အတွက် တိုက်ခိုက်ဖို့ ဆီးရီးယားနိုင်ငံထဲ ခိုးဝင်ဖို့ လုပ်နေတာမှာ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။"ဟု ၎င်းကဆိုသည်။

ယခုသီတင်းပတ်အစောပိုင်းကလည်း အသက် ၁၆ နှစ်အရွယ် လူငယ်လေးတစ်ဦး အင်တာနက်မှ ဝါဒဖြန့်မှုများကတစ်ဆင့် အိုင်အက်စ်တို့၏ သြဇာလွှမ်းမိုးမှုကို သက်ဝင်ကာ စစ်ဝတ်စစ်စား ဝတ်ဆင်ပြီး စူပါမားကတ်တစ်ခု၌ အမျိုးသမီးတစ်ဦးကို ဓားထောက် ဖမ်းဆီးထားမှုဖြစ်ပွား၍ ဖမ်းဆီးခဲ့ရသည်။

အိုင်အက်စ်အတွက် တိုက်ခိုက်ရန် ဆီးရီးယားသို့ ထွက်ခွာသွားကြသည့် မလေးရှားနိုင်ငံသားများ ဒါဇင်များစွာ ရှိနေကြောင်း အာဏာပိုင်များက ပြောကြားပြီး ၎င်းတို့ နိုင်ငံတွင်း ပြန်ဝင်လာ၍ အိုင်အက်စ်တို့၏ အတွေးအခေါ်အယူအဆများ တင်သွင်းလာမည်ကိုလည်း စိုးရိမ်နေရလျက်ရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly