ရန်ကုန်တွင် ကလေးသူငယ်များ COVID-19 အိုမီခရွန် ဗိုင်းရပ်စ် ကူးစက်မှုများ ရှိနေ

ရန်ကုန်တွင် ကလေးသူငယ်များ COVID-19 အိုမီခရွန် ဗိုင်းရပ်စ် ကူးစက်မှုများ ရှိနေ

ဖေဖော်ဝါရီလ ၁၅ ရက်

ရန်ကုန်တွင် ကလေးသူငယ်များ COVID-19 အိုမီခရွန် ဗိုင်းရပ်စ် ကူးစက်မှုနှုန်း မြင့်တက် လာနေသည်ဟု ကလေးအထူးကု ဆရာ၀န် တစ်ဦးက ၎င်း၏ လူမှုကွန်ရက် စာမျက်နှာတွင် ယနေ့  ရေးသားထားသည်။

ကလေးသူငယ်များ ဖေဖော်ဝါရီလအတွင်း ရောဂါကူးစက်မှု ပိုမိုများပြားလာပြီး အဖျားတက်ခြင်း အပါအ၀င် နှာစေးခြင်း၊ ချောင်းဆက်တိုက် ဆိုးခြင်း လက္ခဏာများ တွေ့ရှိရသော်လည်း အခြား စိုးရိမ်စရာ လက္ခဏာများ မတွေ့ရှိရသေးဟု ၎င်းက ဆိုထားသည်။

“လူကြီးတွေအတိုင်းပဲ ကလေးတွေကို ကာကွယ်ရေး ပစ္စည်းတွေ စနစ်တကျ ၀တ်ဆင် ပေးသင့်တယ်။အိုမီခရွန်က အရင် ကိုဗစ် မျိုးဗီဇပြောင်း Delta ထက် ကူးစက်မြန်ဆန်မှု ရှိလာတဲ့အတွက် ကလေးတွေကိုပါ ကူးစက်လာတာ ဖြစ်ပါတယ်။ အခု ကျောင်းတွေ ပြန်ဖွင့်ထားတော့ ကလေးတွေအတွက် ကူးစက်မှု မြန်ဆန်စေတယ်။ ကျောင်းတွေမှာ ဒါနဲ့ ပတ်သက်လို့ အသိပညာပေး လုပ်ငန်းတွေ လုပ်သင့်တယ် ” ဟု မီးအိမ်ရှင် ဒေါက်တာ နိုက်တင်ဂေးက မဇ္စျိမကို ပြောသည်။

လက်ရှိတွင် မွေးကင်းစ အသက် ခြောက်လ အရွယ်မှ ၁၂ နှစ်အရွယ်များတွင် ကူးစက်မှုနှုန်း မြင့်တက်လာသည့်အတွက် ရက်ရှည်ဖျားခြင်း၊ ခန္ဓာကိုယ် အေးစက်နေခြင်း၊ မှိန်းနေခြင်း၊ သတိလစ်ခြင်း၊ အန်ခြင်း၊ ၀မ်းအရည်များ သွားခြင်း၊ အသက်ရှူရ ခက်ခဲခြင်းများ ဖြစ်ပွားပါက ဆေးရုံသို့ အမြန် ပြသသင့်သည်ဟု ဆိုသည်။

ဖေဖော်ဝါရီလ အတွင်း COVID-19 ဗိုင်းရပ်စ်ပိုး ပြန်လည် ကူးစက်မှုများပြားလာပြီးနောက် သန္ဓေပြောင်း မျိုးစိတ် တစ်ခုဖြစ်သော Omicron ဗိုင်းရပ်စ် ကူးစက်မှုများပါ  ရှိနေသည့်အတွက် COVID-19 ကုသရေးစင်တာများ ပြန်လည် ဖွင့်လှစ်ကာ ကုသလျက်ရှိသည်။

စစ်ကောင်စီ လက်အောက်ခံ ရန်ကုန်တိုင်း အစိုးရအဖွဲ့က အင်းစိန်မြို့နယ်၊ မရမ်းကုန်း မြို့နယ်နှင့် လှိုင်မြို့နယ် တို့တွင် လူဦးရေ ၄၀၀ မှ ၆၀၀ ကျော် ထားရှိနိုင်မည့် ကုသရေးစင်တာ သုံးခု ဖွင့်လှစ်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required