ဧရာဝတီတိုင်း၌ ၁၄ ရက်အတွင်း COVID-19 အတည်ပြုလူနာ ၁၀၀၀ ကျော်တွေ့

ဧရာဝတီတိုင်း၌ ၁၄ ရက်အတွင်း COVID-19 အတည်ပြုလူနာ ၁၀၀၀ ကျော်တွေ့

ဖေဖော်ဝါရီ ၁၅

ဧရာဝတီတိုင်း၌ ဖေဖော်ဝါရီလ ၁ ရက်မှ ၁၄ ရက်နေ့အထိ ၁၄ ရက်အတွင်း COVID-19 အတည်ပြု လူနာ ၁၀၀၀ ကျော်အထိ ရှိနေကြောင်း စစ်ကောင်စီ လက်အောက်ခံ ကျန်းမာရေးဌာနက ထုတ်ပြန်သည်။

၎င်းဌာန၏ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ ညနေ ၄ နာရီ ထုတ်ပြန်ချက်အရ ဧရာဝတီတိုင်းအတွင်း COVID -19 အတည် ပြုလူနာ ၁၀၅၇ ဦးရှိနေသည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်ကာ COVID-19 ကူးစက်မှု ပိုမိုမြင့်တက်လာပြီး မြို့နယ်အလိုက် စစ်ဆေးရေး ဂိတ်များတွင် အတည်ပြုလူနာ ဆယ်ဦးထက်မနည်း နေ့စဉ် တွေ့ရှိနေကြောင်း လူမှုကူညီရေး အသင်းများ၏ ထုတ်ပြန်ချက်များအရ သိရသည်။

"စစ်ဆေးရေး ဂိတ်တွေမှာ နေ့တိုင်းလိုလို ပိုးတွေ့လူနာတွေ တွေ့နေလို့ အတည်ပြုလူနာ ၁၀၀၀ ကျော်သွားတာ ထင်တယ်။ ကာကွယ်ဆေး ထိုးထားလည်း ကူးချင်ကူးနေတာဘဲ ဆိုတော့ မက်စ်တွေ သေသေချာချာ ပြန်တပ်ဖို့ လိုနေပြီ၊ တတိယလှိုင်းတုန်းကလို အောက်ဆီဂျင် လိုတာတွေ လူအများကြီး သေတာတွေ မဖြစ်အောင် အကုန်လုံး ဂရုစိုက်မှရမယ်၊ စစ်ကောင်စီက သူ့အာဏာမြဲဖို့လောက်ဘဲ အားစိုက်နေတာ ဆိုတော့ ဒီအချိန်မှာ ဘယ်သူမှ အားကိုးလို့ မရဘူး" ဟု ပရဟိတ လုပ်ကိုင်နေသူ တစ်ဦးက ပြောသည်။

ရောဂါကူးစက်မှု မြင့်တက်လာ၍ မြို့နယ်အားလုံး နီးပါးတွင် စစ်ဆေးရေးဂိတ်များ ဖွင့်လှစ်ကာ စစ်ကောင်စီ လက်အောက်ခံ ကျန်းမာရေးနှင့် ထွေအုပ်ဝန်ထမ်းများက ခရီးသွား ပြည်သူများအား စစ်ဆေးမှု ပြုလုပ်နေကြောင်း ဆိုသည်။

ဖေဖော်ဝါရီလ ၈ ရက်နေ့က စတင်၍ ဧရာဝတီတိုင်းအတွင်း မြို့နယ် အသီးသီးတွင် စစ်ကောင်စီ ဦးဆောင်သည့် အားကစား ပြိုင်ပွဲများနှင့် ပွဲဈေးများ လူစုလူဝေးဖြင့် ပြုလုပ်ခဲ့သည့် အတွက် ရောဂါကူးစက်မှု ပိုမို များပြားလာမည်ကို ဒေသခံများ စိုးရိမ်နေကြသည်။

ဇန်နဝါရီလ ၁ ရက်နေ့မှ ဖေဖော်ဝါရီလ ၁၅ နေ့အထိ COVID-19 ကြောင့် ဘိုကလေးမြို့မှ နှစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required