“အကိုကြီး တပ်မတော် ခြေတစ်လှမ်းဆုတ်ပြီ၊ ညီလေးတွေရော ဘယ်လိုလဲ”

“အကိုကြီး တပ်မတော် ခြေတစ်လှမ်းဆုတ်ပြီ၊ ညီလေးတွေရော ဘယ်လိုလဲ”

အခုဆိုရင် နေပြည်တော်မှာ ကျင်းပနေတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကြီး ကျင်းပပြီးသွားပါပြီ။ ညီလာခံ ဆိုတာမျိုးထက် နှီးနှောဖလှယ်ပွဲလို့ နာမည်တပ်ရင်တောင် ပိုပြီး သင့်တော်နိုင်ပါတယ်။ နိုင်ငံရေး၊ စီးပွားရေး၊ လက်နက်ကိုင် တပ်ဖွဲ့တွေ ကိစ္စ၊ ပြည်နယ်အသစ် သတ်မှတ်ပေးရေး၊ သယံဇာတ ခွဲဝေယူရေး၊ ဖက်ဒရယ်ပြည်ထောင်စု အစရှိသဖြင့် အကြောင်းအရာ ပေါင်းစုံကို သူ့အမြင် ကိုယ့်အမြင် နှီးနှောဖလှယ် ခဲ့ကြလို့ပါ။ အဲဒီထဲမှာ အနာဂတ် မြန်မာနိုင်ငံရဲ့ တပ်မတော်၊ တစ်နည်းအားဖြင့် ပြည်ထောင်စု တပ်မတော် ဆိုတဲ့ အကြောင်းတွေလည်း ပါဝင်ပါတယ်။ လက်ရှိ မြန်မာ့တပ်မတော်ရဲ့ အခြေအနေ ဘယ်လို ရှိနေသလဲ၊ လက်နက်ကိုင် တိုင်းရင်းသား တပ်ဖွဲ့တွေရဲ့ အခြေအနေကရော ဘယ်လိုလဲ၊ နောင် လက်နက်ကိုင်တပ်ဖွဲ့တွေအရေး ဘယ်လို ဖြေရှင်းသင့်သလဲ ဆိုတာ ဒီကနေ့ ဆွေးနွေးကြည့်ကြရအောင်။

ပြောရရင် မြန်မာနိုင်ငံဟာ လွန်ခဲ့တဲ့ ရာစုနှစ် တစ်ဝက်ကျော် ၁၉၆၂ ခုနှစ်ကတည်းက စစ်အာဏာရှင် လက်အောက် ကျရောက်ခဲ့ရတာပါ။ အဲဒီအချိန်ကစ တပ်မတော် ဆိုတာဟာလည်း စစ်အာဏာရှင်တွေက သူတို့အာဏာတည်မြဲရေးအတွက် အသုံးချတဲ့ လက်နက်ကိုင် တပ်ဖွဲ့သဖွယ် ဖြစ်ခဲ့ပါတယ်။ စစ်အာဏာရှင်တွေဟာ သူတို့ အာဏာတည်မြဲဖို့အတွက်ဆိုရင် တိုင်းရင်းသား အချင်း ချင်း တိုက်ခိုက်ဖို့ စေခိုင်းရင် စေခိုင်းသလို၊ လက်နက်မဲ့တဲ့ ကိုယ့်ပြည်သူကို ကိုယ် သေနတ်နဲ့ ပစ်သတ် ခိုင်းဖို့လည်း ဝန်မလေးခဲ့ပါဘူး။ ၁၉၉၂ ခုနှစ်မှာ ကာကွယ်ရေး ဦးစီးချုပ်ဖြစ်လာတဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ ဒုဗိုလ်ချုပ်မှူးကြီး မောင်အေး လက်ထက်မှာတော့ တပ်မတော်ကို ပိုပြီး ဖျက်ဆီးခဲ့ပါတယ်။ အဓိကကတော့ တပ်မတော်ထဲမှာ တိုင်းရင်းသား အရာရှိတွေ မထည့်သွင်းတော့ပဲ ဗုဒ္ဓဘာသာ ဗမာစစ် တပ် ပုံစံအဖြစ် အသွင်ပြောင်းပစ်လိုက်တာပါ။ ဒီလိုနည်းနဲ့ တပ်မတော်ဟာ တိုင်းရင်းသား စည်းလုံးညီ ညွတ်ရေးနဲ့လည်း ပိုပြီး အလှမ်း ကွာဝေးသွားစေခဲ့ပါတယ်။

အခြားတစ်ဖက်ကကြည့်ရင်လည်း ၁၉၆၂ ခုနှစ်ကစ တပ်မတော်ဟာ မြန်မာ့နိုင်ငံရေးမှာ တိုင်းပြည်ရဲ့ သြဇာအာဏာ အားလုံး ရာခိုင်နှုန်းပြည့် ချုပ်ကိုင် ရယူခဲ့ပါတယ်။ တိုင်းပြည်ကို ယူနီဖေါင်း ဝတ်ထားတဲ့ စစ်ဗိုလ်ချုပ် တစ်ယောက်က အုပ်ချုပ်ရင် အုပ်ချုပ်၊ မဟုတ်ရင် အရပ်ဝတ် ဝတ်ထားတဲ့ စစ်ဗိုလ်ချုပ်ဟောင်း တစ်ယောက်က အုပ်ချုပ်ပါတယ်။ ဒီလို စစ်တပ်က တိုင်းပြည်ကို ရာသက်ပန် ရာနှုန်းပြည့် ချုပ်ကိုင်နိုင်ရေးအတွက် ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကိုလည်း ရေးဆွဲ အတည်ပြု လိုက်ပါသေးတယ်။

ဒါပေမယ့် ဒီအခြေအနေတွေအားလုံးကို ၂ဝ၁၅ နိုဝင်ဘာမှာ ကျင်းပတဲ့ ရွေးကောက်ပွဲက ပြောင်းလဲ ပစ်လိုက်ပါတယ်။ ၂ဝဝ၈ ဖွဲ့စည်းပုံက မမျှမတ လုပ်ထားတဲ့ အချက်တွေကို ကျော်လွန်ပြီး ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD က ရွေးကောက်ပွဲမှာ အပြတ်အသတ် အနိုင်ရခဲ့ပါတယ်။ ဒီရွေးကောက်ပွဲ ရလာဒ်နဲ့ ပတ်သက်ပြီး လက်ရှိ တပ်မတော်ကာ ကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ တုန့်ပြန်မှုက အံ့သြစရာ ကောင်းပါတယ်။ နောင် ပေါ်ပေါက်လာမယ့် အင်န်အယ်လ်ဒီ အစိုးရအဖွဲ့သစ်နဲ့ လက်တွဲ လုပ်ကိုင်သွားမယ် ဆိုတာပါပဲ။ ပြောရရင် နှစ်ပေါင်း ၅ဝ ကျော် မြန်မာနိုင်ငံကို လွှမ်းမိုးခဲ့တဲ့ စစ်အာဏာရှင် စနစ်ကနေ ပြည်သူလူထုက ရွေးကောက်လိုက်တဲ့ အရပ်သား စစ်စစ် အစိုးရ တစ်ရပ်က အုပ်ချုပ်တဲ့ အခြေအနေ တစ်ခုကို ရောက်ရှိလာပါတော့မယ်။ ပြောရရင် မြန်မာနိုင်ငံမှာ တပ်မတော်ဟာ ပြည်သူတွေ ရွေးကောက်တင် မြှောက်လိုက်တဲ့ အစိုးရ လက်အောက် မရောက်သေးပေမယ့်၊ တစ်နည်း ဒီမိုကရေစီ နိုင်ငံအဖြစ် တင်းပြည့်ကြပ်ပြည့် မဖြစ်သေးပေမယ့် ဒီမိုကရေစီ စနစ်ဆီ သွားတဲ့ဆီ ခြေလှမ်း တစ်လှမ်း လှမ်းလိုက် နိုင်ပါပြီ။ အဓိပ္ပါယ်ကတော့ တပ်မတော်ဟာ တိုင်းပြည်ကို ရာခိုင်နှုန်းပြည့် လွှမ်းမိုးချုပ်ကိုင်ထားရာ ကနေ ခြေတစ်လှမ်း နောက်ဆုတ်လိုက်တဲ့ သဘောပါပဲ။ ဘာပဲဖြစ်ဖြစ် ဒီမိုကရေစီ အရေးအတွက် ဒါဟာ ကောင်းမွန်တဲ့ အခြေအနေ တစ်ရပ်ပါ။

အကိုကြီးဖြစ်တဲ့ မြန်မာ့တပ်မတော်က ခုလို ခြေတစ်လှမ်း နောက်ဆုတ်လိုက်ပေမယ့် ညီလေး တွေဖြစ်တဲ့ လက်နက်ကိုင် တိုင်းရင်းသား တပ်ဖွဲ့တွေကရော ဘယ် အခြေအနေ ရောက်နေသလဲ ပြန်ကြည့်ရပါမယ်။ နိုင်ငံမှာ ဝါအရင့်ဆုံး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းဖြစ်တဲ့ KNU ကတော့ ဒီမိုကရေစီ နည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ ဗဟိုကော်မတီက ဦးဆောင်နေပါ တယ်။ ပုံသဏ္ဍာန်အားဖြင့်တော့ KNU အဖွဲ့ကြီးရဲ့ လက်အောက်မှာ KNLA လို့ခေါ်တဲ့ ကရင်အ မျိုးသားလွတ်မြောက်ရေး တပ်မတော် ရှိပါတယ်။ ပြောရရင် ဒီမိုကရေစီ စံချိန်စံညွှန်းအရ အဆင့် မြင့်တယ် ပြောနိုင်သလို၊ အကိုကြီး မြန်မာ့တပ်မတော် ထက်တောင် ရှေ့ခြေတစ်လှမ်း ဦးနေပါသေးတယ်။

ဒါပေမယ့်လည်း KIO ကချင်ပြည်လွတ်လပ်ရေး အဖွဲ့နဲ့ KIA လက်နက်ကိုင် တပ်အပါအဝင် အခြား လက်နက်ကိုင် တိုင်းရင်းသား တပ်ဖွဲ့ အများစုကတော့ အဲဒီ အခြေအနေမျိုး မရှိသေးပါဘူး။ အဖွဲ့အစည်းအတွင်း ဒီမိုကရေစီ ကျင့်သုံးတာမျိုး မရှိသလို၊ ရွေးကောက်တင်မြှောက်တာမျိုး လည်း မရှိပါဘူး။ ဒီလူ ဒီခေါင်းဆောင်တွေကပဲ လက်နက်ကိုင် တပ်နဲ့ အဖွဲ့အစည်းကို ချုပ်ကိုင်ထားဆဲ ဆိုတဲ့ အခြေအနေမျိုးပါ။ မြန်မာ့တပ်မတော်ဟာ စစ်အာဏာရှင် စနစ်ကနေ တိုင်းပြည်အုပ်ချုပ်ရေး ကိစ္စ အဝဝကို ရွေးကောက်ခံ အရပ်သား အစိုးရလက်ထဲ အာဏာအပ်ပြီး ဒီမိုကရေစီ စနစ်ဆီ ခြေတစ်လှမ်း တိုးလာသလို စစ်ဘုရင် ကြီးစိုးမှုသာသာလောက်ပဲ ရှိနေတဲ့ လက်နက်ကိုင် တိုင်းရင်းသား တပ်ဖွဲ့ ခေါင်းဆောင် တွေကလည်း ကိုယ့်အဖွဲ့အစည်း၊ ကိုယ့်နယ်မြေထဲမှာ ဒီမိုကရေစီ စနစ်ကို စပြီးကျင့် သုံးကြဖို့ လိုပါတယ်။ အကိုကြီး မြန်မာ့တပ်မတော် နမူနာ ပြခဲ့တဲ့အတိုင်း ပြောင်းလဲကြဖို့ လိုပါတယ်။ စမ်းသပ်ကြဖို့ လိုပါတယ်။ ဒီမိုကရေစီ လိုလားတယ်၊ ဖက်ဒရယ် ပြည်ထောင်စု တည်ထောင်လိုတယ် ပြောပြီး စစ်ဘုရင်ဝါဒ ကျင့်သုံးနေမှုတွေကနေ နောက်တစ်လှမ်း ဆုတ်ဖို့လိုပါတယ်။ ဒါမှသာ တိုင်းရင်း သား ပြည်သူတွေ လိုလားနေတဲ့ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု သွားရာလမ်းကြောင်းမှန်ပေါ် ကို ပြည်မကြီးနဲ့ တန်းတူ ဟန်ချက်ညီညီ ရောက်လာနိုင်မှာ ဖြစ်ပါကြောင်း သုံးသပ် တင်ပြလိုက်ရ ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly