တာလီဘန်ထိန်းချုပ်ပြီးနောက် အာဖဂန်နစ္စတန်တွင် မီဒီယာလုပ်ငန်း ၃၀၀ ကျော် ပိတ်သိမ်းသွား

တာလီဘန်ထိန်းချုပ်ပြီးနောက် အာဖဂန်နစ္စတန်တွင် မီဒီယာလုပ်ငန်း ၃၀၀ ကျော် ပိတ်သိမ်းသွား

အာဖဂန်နစ္စတန်နိုင်ငံတွင် တာလီဘန်တို့ ထိန်းချုပ်သွားခဲ့ပြီးနောက် ပြည်နယ် ၃၄ ခု အနက် ၃၃ ခုတွင် မီဒီယာလုပ်ငန်း ၃၁၈ ခုထက်မနည်း ပိတ်သိမ်းသွားခဲ့ကြောင်း နိုင်ငံတကာ ဂျာနယ်လစ်များ ဖက်ဒရေးရှင်း (IFJ) ၏ အစီရင်ခံစာတစ်ရပ်တွင် ဖော်ပြထားသည်။

“ရုပ်သံထုတ်လွှင့်မှုဌာန ၅၁ ခု၊ ရေဒီယိုအသံလွှင့်ဌာန ၁၃၂ ခုနဲ့ အွန်လိုင်းမီဒီယာလုပ်ငန်း ၄၉ ခု တို့ လုပ်ငန်းတွေ ပိတ်သိမ်းသွားခဲ့ပါပြီ။ အကျပ်အတည်းက သတင်းစာလုပ်ငန်းတွေအပေါ်မှာလည်း အကြီးအကျယ်အထိနာစေခဲ့ပြီး သတင်းစာထုတ်ဝေမှုလုပ်ငန်း ၁၁၄ ခုအနက် ၂၀ ခုကသာပဲ ဆက်လက်ထုတ်ဝေလျက် ရှိပါတော့တယ်” ဟု IFJ ၏ ဖေဖေါ်ဝါရီ ၃ ရက်ထုတ် အစီရင်ခံစာတွင် ပြောထားကြောင်း Tolo News က ဖော်ပြသည်။

အာဖဂန်တွင် တာလီဘန်တို့ မထိန်းချုပ်ခင်ကာလက ဂျာနယ်လစ် ၅,၀၆၉ ဦးအထိ ရှိခဲ့ရာကနေ ယခုအခါ ၂,၃၃၄ ဦးသာ ဆက်လက်လုပ်ကိုင်နေကြကြောင်း IFJ က ပြောခဲ့ပြီး အာဖဂန်မီဒီယာအသိုင်းအဝိုင်း၏ အခြေအနေအပေါ် စိုးရိမ်ပူပန်ကြောင်း ထုတ်ဖော်ခဲ့သည်။

အလုပ်အကိုင်များ ဆုံးရှုံးခဲ့ရသော ဂျာနယ်လစ်များအနက် ၇၂ ရာခိုင်နှုန်းသည် အမျိုးသမီးများဖြစ်ကြောင်း IFJ က ပြောခဲ့သည်။

“မီဒီယာလုပ်ငန်းတွေမှာ ဆက်လက်လုပ်ကိုင်နေတဲ့ အမျိုးသမီးဦးရေက ၂၄၃ ဦးပဲ ရှိပါတော့တယ်” ဟု IFJ ၏ အစီရင်ခံစာတွင် ဖော်ပြသည်။

“ခြိမ်းခြောက်မှုတွေ၊ သတင်းရေးသားဖော်ပြမှုအပေါ် အလွန်ပြင်းထန်တဲ့ ပိတ်ပင်ကန့်သတ်မှုတွေ၊ စီးပွားရေး ပြိုလဲမှုနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ ငွေကြေးထောက်ပံ့မှုတွေ ပြန်ရုပ်သွားမှု စတာတွေကတော့ ရုတ်တရက်ကျရောက်တဲ့ ကပ်ဘေးတစ်ခုလိုပါပဲ။ ဒါတွေက အလုပ်အကိုင်တွေ ဆုံးရှုံးခဲ့ရတဲ့ ဂျာနယ်လစ်တွေ ဒါမှမဟုတ် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ကြရသူတွေ အတွက်သာမကဘဲ သတင်းအချက်အလက် ရပိုင်ခွင့် ပိတ်ပင်ခံရတဲ့ နိုင်ငံသားတွေအတွက်ပါ ကပ်ဘေးတစ်ခုလိုပါပဲ” ဟု IFJ ၏ အထွေထွေအတွင်းရေးမှူး အန်တိုနီ ဘယ်လန်ဂါက ပြောသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required