ပါကစ္စတန်နိုင်ငံ ဘာလိုချီစတန်ပြည်နယ်တွင် မကြာသေးခင်က ခွဲထွက်ရေးဝါဒီတပ်ဖွဲ့များက အကြမ်းဖက်တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ပြီးနောက် ယခုအခါ ပြည်ထဲရေးဝန်ကြီးဌာနသည် အကြမ်းဖက်မှုနှိမ်နင်းရေးအတွက် တပ်ဖွဲ့များ ဖြန့်ကျက်ချထားမှုကို တိုးမြှင့်လုပ်ဆောင်လျက် ရှိကြောင်း The News International သတင်းစာက ဖေဖေါ်ဝါရီ ၅ ရက်တွင် ဖော်ပြသည်။
နိုင်ငံ၏ အနောက်တောင်ပိုင်းပြည်နယ်တွင် ပြီးခဲ့သည့် လများအတွင်း အကြမ်းဖက်မှုဖြစ်စဉ်များကို မြင်တွေ့ထားခဲ့ရသည်။
ပြည်နယ်၌ တိုက်ခိုက်မှုတချို့ လုပ်ဆောင်ထားခဲ့ကြောင်း ဘာလိုချီစတန် လွတ်မြောက်ရေးတပ်ဖွဲ့ (BLA) က ကြေညာခဲ့သည်။ ပါကစ္စတန်တွင် မကြာသေးခင်က လုံခြုံရေးစစ်ဆေးရေးစခန်းများ တိုက်ခိုက်ခံခဲ့ရမှု ဖြစ်စဉ်များအတွင်း ပါကစ္စတန်စစ်သား ၇ ဦး နှင့် ခွဲထွက်ရေးအုပ်စုတပ်ဖွဲ့ဝင် ၁၃ ဦး သေဆုံးထားသည်။
လက်ရှိအချိန်တွင် ပါကစ္စတန်အာဏာပိုင်တို့သည် မြို့တော် အစ္စလမ်မာဘတ်ရှိ အရေးကြီး နေရာများတွင် လုံခြုံရေးတင်းကျပ်ထားသည်ဟု The News International က ဖော်ပြသည်။
အဆိုပါ နေရာများတွင် မြို့တွင်းရှိ သံတမန် ရပ်ကွက်နှင့် အခြား အရေးကြီးသော အဆောက်အအုံများ၊ အစိုးရအဆောက်အအုံများ၊ ပါလီမန် အဆောက်အအုံ၊ ပါကစ္စတန် ရုပ်သံကော်ပိုရေးရှင်း ၊ ပါကစ္စတန်အတွင်းဝန်များရုံးနှင့်ပါကစ္စတန်တရားလွှတ်တော်ချုပ်တို့ ပါဝင်သည်။
လက်ရှိအချိန်တွင် အထူးရဲကွန်မန်ဒို ထပ်တိုးတပ်ဖွဲ့ဝင်များ၊ ရိန်းဂျားတပ်ဖွဲ့ဝင်များ၊ စစ်တပ်ကို ထောက်ကူသည့် လက်နက်ကိုင်တပ်ဖွဲ့ဝင်များကို အစ္စလမ်မာဘတ်၌ ဖြန့်ကျက်တာဝန်ပေးထားကြောင်း ပါကစ္စတန် ပြည်ထဲရေးဝန်ကြီးဌာန သတင်းရင်းမြစ်များက ထုတ်ဖော်ထားသည်။