အတိုင်ပင်ခံနှင့် သမ္မတတို့ကို စွဲဆိုထားသည့် ပုဒ်မ ၁၃၀-ကအမှု တရားလိုကို စစ်​ဆေး

အတိုင်ပင်ခံနှင့် သမ္မတတို့ကို စွဲဆိုထားသည့် ပုဒ်မ ၁၃၀-ကအမှု တရားလိုကို စစ်​ဆေး

ဖေဖော်ဝါရီလ ၁၄ ရက်

နိုင်ငံ​တော်အတိုင်ပင်ခံပုဂ္ဂိုလ် ​ဒေါ်​အောင်ဆန်းစုကြည်အပါအဝင် သုံးဦးကို ပုဒ်မ ၁၃၀-ကဖြင့် စွဲဆိုထားသည့် အမှုမှ တရားလိုဖြစ်သူကို ယ​နေ့​ဖေ​ဖော်ဝါရီ ၁၄ ရုံးချိန်းတွင် စစ်​ဆေးခဲ့​ကြောင်း တရားရုံးနှင့် နီးစပ်သူထံမှ သိရသည်။

ပြီးခဲ့သည့် ၂၀၂၀ပြည့်နှစ် အ​ထွေ​ထွေ ​ရွေး​ကောက်ပွဲတွင် ပြည်​ထောင်စု​ရွေး​ကောက်ပွဲ​ကော်မရှင်ကို မ​လျော်သြဇာလွမ်းမိုးသည်ဟု စွပ်စွဲချက်ဖြင့် စစ်​ကောင်စီလက်​အောက်ခံ ပြည်​ထောင်စု​ရွေး​ကောက်ပွဲ​ကော်မရှင်မှ ညွှန်မှူး ဦး​အောင်မျိုးလွင်က တရားလိုပြုလုပ်ပြီး တရားစွဲခဲ့ခြင်းဖြစ်သည်။

စွပ်စွဲခံရသူများမှာ အတိုင်ပင်ခံပုဂ္ဂိုလ်​ဒေါ်​အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နှင့် ပြည်​ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်​ထောင်စုဝန်ကြီး ဦးမင်းသူတို့ဖြစ်သည်။

အဆိုပါအမှုတွင် တရားလို ဦး​အောင်မျိုးလွင်အပါအဝင် တရားလိုပြသက်​သေ ၂၂ဦးရှိပြီး လာမည့် ​ဖေ​ဖော်ဝါရီ ၂၁ရက်​နေ့ရုံးချိန်းတွင် တရားလိုပြသက်​သေ ဦး​ဇော်သန်းသင်းကို စစ်​ဆေးရန် စီစဥ်ထားသည်။

စွဲချက်အမိန့်ကို ​မေလ ၂ရက်​နေ့တွင် ချမှတ်ရန် မှုခင်းစီမံခန့်ခွဲမှု အစည်းအ​ဝေးတွင် ဆုံးဖြတ်ထားကြသည်။

အတိုင်ပင်ခံပုဂ္ဂိုလ်တို့ကို စွဲဆိုထားသည့် ပုဒ်မ ၁၃၀-ကမှာ ​ထောင်ဒဏ် သုံးနှစ်အထိဖြစ်​စေ၊ ​ငွေဒဏ်ဖြစ်​စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်​စေ ချမှတ်နိုင်သည်။

အတိုင်ပင်ခံပုဂ္ဂိုလ် ​ဒေါ်​အောင်ဆန်းစုကြည်အ​နေဖြင့် အမှု​ပေါင်း ၁၇မှုဖြင့် တရားစွဲခံထားရပြီး ထိုအထဲမှ အမှု ငါးမှုအတွက် ​ထောင်ဒဏ် ​ခြောက်နှစ် ကျခံ​နေရသည်။ ပုဒ်မ ၁၃၀-ကမှာ ၎င်းကို စွဲဆိုသည့် ၁၇မှု​​မြောက် အမှုလည်းဖြစ်သည်။

သမ္မတ ဦးဝင်းမြင့်မှာလည်း အမှု နှစ်မှုအတွက် ​ထောင်ဒဏ် နှစ်နှစ်ကျခံ​နေရပြီး ​သောကြာ​နေ့တိုင်းအဂတိအမှု ငါးမှုဖြင့်လည်း တရားရင်ဆိုင်​နေရသည်။

၎င်းတို့ကို စွဲဆိုထားသည့် အမှုများကို ​နေပြည်​တော်​ကောင်စီဝန်းအတွင်းရှိ အထူးတရားရုံးတွင်အပတ်စဥ် တနင်္လာ၊ ကြာသပ​တေးနှင့် ​သောကြာ​နေ့တိုင်း စစ်​ဆေးလျက်ရှိသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required