၂၀၂၁ ခုနှစ်အတွင်း ပါကစ္စတန်၏ မီဒီယာကဏ္ဍအခြေအနေ ယိုယွင်းဆိုးရွားခဲ့

၂၀၂၁ ခုနှစ်အတွင်း ပါကစ္စတန်၏ မီဒီယာကဏ္ဍအခြေအနေ ယိုယွင်းဆိုးရွားခဲ့

ပါကစ္စတန်နိုင်ငံတွင် ယမန်နှစ်က သတင်းမီဒီယာလွတ်လပ်ခွင့်နှင့် လွတ်လပ်စွာ ထုတ်ဖော်ရေးသား ပြောဆိုခွင့်သည် ကြီးလေးသော ဖိအား အောက်တွင် ဆက်ရှိနေကြောင်း ပါကစ္စတန် သတင်းစာအယ်ဒီတာများ ကောင်စီ (CPNE) က ဇန်နဝါရီ ၃၁ ရက်တွင် အစီရင်ခံစာ ထုတ်ပြန်သည်။

CPNE ၏ သတင်းမီဒီယာလွတ်လပ်ခွင့်နှင့် စောင့်ကြည့်လေ့လာမှု ကော်မတီတို့၏ ကြီးကြပ်မှုအောက်တွင် “ပါကစ္စတန် မီဒီယာ လွတ်လပ်ခွင့် အစီရင်ခံစာ- ၂၀၂၁” ကို ပြုစုခဲ့ပြီး ယင်းကို ကနဦးတိုက်ရိုက်ရရှိသည့် သတင်းအချက်အလက်များအပြင် မီဒီယာဌာနများ၊ ဝက်ဘ်ဆိုဒ်များက ရသည့် သတင်းများအပေါ် အခြေတည်ထားကြောင်း Dawn သတင်းဌာနက ဖော်ပြသည်။

“ပြီးခဲ့တဲ့နှစ်အတွင်း သတင်းမီဒီယာလွတ်လပ်ခွင့်နဲ့ လွတ်လပ်စွာ ထုတ်ဖော်ရေးသားပြောဆိုခွင့်တို့ကတော့ ကြီးလေးတဲ့ ဖိအားအောက်မှာ ဆက်ရှိနေဆဲဖြစ်ပြီး စိန်ခေါ်မှု အမြောက်အမြားနဲ့ ရင်ဆိုင်ခဲ့ရပါတယ်” ဟု အစီရင်ခံစာတွင် ပြောသည်။

အဆိုပါ မီဒီယာအစီရင်ခံစာက ဝန်ကြီးချုပ် အီမရန် ခန်း အစိုးရအပေါ် နောက်ထပ် စွဲချက်တစ်ခု စွဲလိုက်ခြင်းဖြစ်ကြောင်း ပါကစ္စတန် အတိုက်အခံ မွတ်ဆလင် အဖွဲ့ချုပ် နာဝက်ဇ် (PML-N) ၏ ဥက္ကဋ္ဌ ရှီဘတ်ဇ် ရှာရစ်ဖ်က ပါကစ္စတန်ဝန်ကြီးချုပ်ကို ဝေဖန်တိုက်ခိုက်ရင်း ပြောဆိုခဲ့သည်။

“စီပီအင်န်အီး ကောင်စီရဲ့ အစီရင်ခံစာက အာဏာရ ပီတီအိုင် အစိုးရအပေါ် နောက်ထပ် စွဲချက်တစ်ခု စွဲလိုက်တာပဲ ဖြစ်ပါတယ်။ အဲဒီလို အစီရင်ခံစာတွေက ပါကစ္စတန်ရဲ့ ဂျီအက်စ်ပီ အပေါင်း အခြေအနေနဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အလားအလာတွေအပေါ် ထိခိုက်သက်ရောက်စေနိုင်ပါတယ်” ဟု ရှာရစ်ဖ်က ပြောခဲ့သည်။

“ဒီ အစီရင်ခံစာက လက်ရှိ ပါကစ္စတန် အစိုးရရဲ့ ဖက်ဆစ်ဝါဒအတွက် သက်သေခံချက် တစ်ခုပါပဲ” ဟုလည်း ၎င်းက ပြောသွားခဲ့သည်။

CPNE အစီရင်ခံစာတွင် ၂၀၂၀ ပြည့်နှစ်အတွက် ပါကစ္စတန်ရှိ မီဒီယာ အခြေအနေကို မီးမောင်းထိုးပြသခဲ့ပြီး မီဒီယာအပေါ် ထိန်းချုပ်ရန်နှင့် သတင်းအချက်အလက် ရပိုင်ခွင့်အပေါ် ပိတ်ပင်ရန် အားထုတ်မှုများ မြင့်တက် လာမှုနှင့်ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများကို ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly