အာဖဂန်အခြေစိုက် အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုကြောင့် ပါကစ္စတန်စစ်သား ၅ ဦး သေဆုံး

အာဖဂန်အခြေစိုက် အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုကြောင့် ပါကစ္စတန်စစ်သား ၅ ဦး သေဆုံး

ပါကစ္စတန်နိုင်ငံ ခိုင်ဘာ ပက်ခ်တွန်ခဝါပြည်နယ် ကာရမ်ခရိုင်ရှိ စစ်ဆေးရေးဂိတ်တစ်ခုကို ပြီးခဲ့သည့် ဖေဖေါ်ဝါရီ ၅ ရက်နှင့် ၆ ရက်တို့တွင် အာဖဂန်နယ်စပ်မှတဆင့် ဖြတ်ကျော်ဝင်ရောက်လာသည့် အကြမ်းဖက်သမားများက တိုက်ခိုက်ခဲ့၍ ပါကစ္စတန်စစ်သား ၅ဦး သေဆုံးပြီး ၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

တိုက်ခိုက်သူများသည် အာဖဂန်နစ္စတန်၏ ခို့စ် ပြည်နယ်နှင့် ကပ်လျက်ဖြစ်သည့် လုံခြုံရေးစစ်ဆေးရေးဂိတ်တစ်ခုဖြစ်သော အန်ဂိုးရ် တန်ဂီကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု သတင်းရင်းမြစ်များက ပြောသည်။

ပါကစ္စတန် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အကြမ်းဖက်သမားများအကြား အပြန်အလှန်ပစ်ခတ်မှုက ဖေဖေါ်ဝါရီ ၅ ရက် ည ၈ နာရီခန့်တွင် စတင်ဖြစ်ပွားခဲ့ပြီး ၃နာရီခန့် ကြာမြင့်ခဲ့ကြောင်း သတင်းရင်းမြစ်များက ပြောသည်။

ထို့ပြင် အာဖဂန်ဘက်ခြမ်းမှ သောင်းကျန်းသူများသည် ပါကစ္စတန်-အာဖဂန်နစ္စတန် နယ်စပ်တလျှောက်ရှိ ခြံစည်းရိုးကို ပျက်စီးစေရန် ကြိုးပမ်းထားခဲ့ကြောင်း ၎င်းတို့က ပြောသည်။

ထိုဖြစ်စဉ်ကို ပါကစ္စတန်စစ်တပ်၏ သတင်းထုတ်ပြန်ရေးဌာနဖြစ်သည့် Inter-Services Public Relations က အတည်ပြုခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့များသည် အကြမ်းဖက်တိုက်ခိုက်မှုအပေါ် ပြင်းထန်စွာ တုံ့ပြန်ခဲ့ကြောင်း ယင်းက ပြောသည်။

လုံခြုံရေးတပ်ဖွဲ့က ပြန်လည် ပစ်ခတ်ခဲ့မှုကြောင့် အကြမ်းဖက်သမားများဘက်တွင် သေကျေ၊ ဒဏ်ရာရမှုများ ကြီးကြီးမားမား ရှိခဲ့ကြောင်း ထောက်လှမ်းရေးသတင်းများအရ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly