တောင်တရုတ်ပင်လယ်တွင် တရုတ်ကို မဆန့်ကျင်ပါက လာမည့်ဆယ်စုနှစ်ကို ဆုံးရှုံးရလိမ့်မည်ဟု သြစတြေးလျကာကွယ်ရေးဝန်ကြီး ပြောကြား

တောင်တရုတ်ပင်လယ်တွင် တရုတ်ကို မဆန့်ကျင်ပါက လာမည့်ဆယ်စုနှစ်ကို ဆုံးရှုံးရလိမ့်မည်ဟု သြစတြေးလျကာကွယ်ရေးဝန်ကြီး ပြောကြား

တောင်တရုတ်ပင်လယ်တွင် တရုတ်ကို ကြံ့ကြံ့ခံမရင်ဆိုင်ပါက သြစတြေးလျနှင့် ယင်း၏ မဟာမိတ်များသည် လာမည့်ဆယ်စုနှစ်ကို ဆုံးရှုံးလိမ့်မည်ဖြစ်ကြောင်း သြစတြေးလျကာကွယ်ရေးဝန်ကြီး ပီတာ ဒတ်တွန်က ပြောကြားခဲ့သည်။

“တောင်တရုတ်ပင်လယ်မှာ တရုတ်စိတ်ကြိုက်လုပ်နိုင်ဖို့ အချိန်တစ်ခုကြာအောင် ကျွန်တော်တို့ ပေးခဲ့တယ်လို့ ကျွန်တော်ထင်ပါတယ်” ဟု The Sydney Morning Herald က သြစတြေးလျကာကွယ်ရေးဝန်ကြီး ပီတာ ဒတ်တွန်၏ ပြောကြားချက်ကို ကိုးကားဖော်ပြခဲ့သည်။

“ဒေသတွင်း တည်ငြိမ်မှုကို အထောက်အကူမပြုဘဲ တောင်တရုတ် ပင်လယ်မှာ တရုတ်က နေရာ ၂၀ အထိ စစ်အင်အားချထားတာကို အမေရိကန်နဲ့ တခြားနိုင်ငံတွေက လက်ခံခွင့်ပြုလိုက်ပြီးဖြစ်နေပါပြီ” ဟု ဒတ်တွန်က ပြောကြားခဲ့သည်။

“ကျွန်တော်တို့ ဒီလမ်းကြောင်းအတိုင်း ဆက်သွားမယ်ဆိုရင် လာမယ့်ဆယ်စုနှစ်ကို ဆုံးရှုံးရလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်” ဟု လည်း ၎င်းက ပြောကြားသည်။

ဝန်ကြီးက သြစတြေးလျပြည်သူများအား ပညာပေးရန် အတွက် တရုတ်အကြောင်း ထုတ်ဖော်ပြောဆိုရန် အရေးကြီးကြောင်းနှင့် လွန်ခဲ့သည့်ဆယ်စုနှစ်များကဲ့သို့ တောင်တရုတ်ပင်လယ်တွင် တရုတ်က စစ်ရေးအရ ထပ်မံမလုပ်ဆောင်နိုင်စေရန် အရေးကြီးကြောင်း ၎င်း၏ ယုံကြည်ချက်ကို ထုတ်ဖော်ပြောကြားခဲ့ကြောင်း The Sydney Morning Herald က ဖော်ပြခဲ့သည်။

ဩစတြေးလျသည် ၂၀၃၈ခုနှစ် မတိုင်မီ ယင်း၏ ပထမဆုံးနျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောကို ပိုင်ဆိုင်နိုင်မည်ဟု အခိုင်အမာ ယုံကြည်ကြောင်း ဒတ်တွန်က ထုတ်ဖော်ပြောကြားခဲ့သည်။

AUKUS သဘောတူညီချက်အရ မကြာသေးမီက အမေရိကန်နှင့် ဗြိတိန်အရာရှိများနှင့် ဆွေးနွေးခဲ့ပြီး ရေငုပ်သင်္ဘောများကို ကျွမ်းကျင်သူများ ခန့်မှန်းထားသည်ထက် နှစ်များစွာစောပြီး တည်ဆောက်နိုင်မည်ဖြစ်ကြောင်း ဒတ်တွန်က ပြောကြားခဲ့သည်။

ဒေသတွင်း ငြိမ်းချမ်းမှု ကို အလေးထားပြီး ဩစတြေးလျသည် တရုတ်နှင့် တင်းမာမှုများ ကြုံတွေ့နေရသည့် တစ်ခုတည်းသော နိုင်ငံမဟုတ်ကြောင်း သဘောပေါက်ရန် အရေးကြီးသည်ဟု ဒတ်တွန်က ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly