ပုလောမြို့၌ ပေါက်ကွဲမှု ၂ ကြိမ် ဖြစ်ပြီးနောက် လုံခြုံရေး တင်းကျပ်

By ကိုရွှေမြိတ်
14 February 2022
ပုလောမြို့၌ ပေါက်ကွဲမှု ၂ ကြိမ် ဖြစ်ပြီးနောက် လုံခြုံရေး တင်းကျပ်

ဖေဖော်ဝါရီ ၁၅

မြိတ်ခရိုင် ပုလောမြို့၌ ယမန်နေ့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ နံနက်ပိုင်းက ပေါက်ကွဲမှု နှစ်ကြိမ် ဖြစ်ပွားခဲ့ပြီးနောက် မြို့လုံခြုံရေး တင်းကျပ်နေကြောင်း မြို့ခံများထံက သိရသည်။

ပုလောမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံးနှင့် မြို့နယ် ဦးစီးမှူး အိမ်တို့ ယမန်နေ့ ဖေဖော်ဝါရီလ ၁၃ ရက် နံနက် ၆ နာရီ ဝန်းကျင်တွင် ဗုံးပေါက်ကွဲခဲ့ခြင်း ဖြစ်ပြီး မြို့နယ် ဦးစီးမှူးအိမ် ပြတင်း‌ပေါက်မှန်များ၊ တံခါးချပ်များ ထိခိုက် ပျက်စီး သွားသည်ဟု ဒေသခံ တစ်ဦးက ပြောသည်။

"ဗုံး နှစ်လုံး ဆက်တိုက် ပေါက်ကွဲတာ ဖြစ်တယ်။ လူအသေပျောက် ရှိတယ် လို့တော့ ကြားတယ်။ အတိ အကျတော့ မသိရသေးဘူး " ဟု ပုလောမြို့ ဒေသခံ တစ်ဦးက ပြောသည်။

ထိုအပြင် ပုလောမြို့ရှိ စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ) ရုံးလည်း အဆိုပါနေ့ နံနက် ၇ နာရီတွင် ထပ်မံ တိုက်ခိုက် ခံခဲ့ရကြောင်း ဒေသခံများက ပြောသည်။

လက်ရှိတွင် ဗုံးပေါက်ကွဲမှုကြောင့် ပုလောမြို့ မြို့နယ်ခန်းမ၊ စာသင်ကျောင်းနှင့် ပုလော တံတား ထိပ်တို့တွင် လုံခြုံရေးများ ချထားကာ စစ်ကားများဖြင့် လှည့်ကင်းများ ပတ်နေကြောင်း မြို့ခံက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly