တောင်ကြီး အေးသာယာမြို့သစ်၌ အမျိုးသား ၁၀ ဦးပါအဖွဲ့ကို စစ်တပ်က ဓာတ်ပုံပြ၍ ရှာဖွေနေ

တောင်ကြီး အေးသာယာမြို့သစ်၌ အမျိုးသား ၁၀ ဦးပါအဖွဲ့ကို စစ်တပ်က ဓာတ်ပုံပြ၍ ရှာဖွေနေ

ဖေဖော်ဝါရီ ၁၄

ရှမ်းပြည်နယ် တောင်ပိုင်း ၊ တောင်ကြီးမြို့ အေးသာယာမြို့သစ်၌ စစ်တပ်က အမျိုးသား ဆယ်ဦး ပါဝင်သည့် အဖွဲ့တစ်ဖွဲ့ကို ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှ စတင်ကာ ဓာတ်ပုံပြပြီး လိုက်လံ ရှာဖွေနေကြောင်း ဒေသခံများထံက သိရသည်။

အေးသာယာမြို့နယ် အတွင်းရှိ အမျိုးသား အများစု ရှိနေတတ်သည့် ကေတီဗီ၊ အလုပ်ရုံ၊ တွင်ခုံနှင့် စက်ရုံများတွင် စစ်တပ်က ဓာတ်ပုံများ ပြကာ လိုက်လံရှာဖွေနေခြင်း ဖြစ်သည်။

“ဘယ်ကနေ စလဲတော့ မသိဘူး။ ခေါင်းဆောင်အပါအဝင် ဆယ် ယောက်ကျော် ပါတဲ့ အဖွဲ့တစ်ခုရဲ့ ပုံတွေ ရပြီး လိုက်ရှာတာ။ အေးသာယာ စက်မှုဇုန်ထဲလို့ သတင်းကြားတယ်နဲ့ တူပါတယ်။ မနေ့ကလည်း စက်ရုံတစ်ရုံကို ဝင်စီးတယ်။ စက်ရုံထဲက လူတွေကို ပုံပြပြီး သိလား မေးတယ်။ စက်ရုံ အလုပ်သမားတွေကို ရုပ်တိုက်စစ်တာ။ အတင်းမေးတာတွေ လုပ်သွားတယ်” ဟု ဒေသတွင်း သတင်းရင်းမြစ်က ပြောသည်။

စစ်တပ်က ၎င်းတို့ မသင်္ကာသည်နှင့် အင်အား အလုံးအရင်းဖြင့် ဝင်ရောက် ရှာဖွေမှုများ ပြုလုပ် နေခြင်း ဖြစ်သည်။

“စက်မှုဇုန်ထဲကို တအား ဖိရှာနေတာ။ ဘယ်လောက်ထိဆို ကြံ့ခိုင်ရေးပါတီဝင်အိမ်တွေ၊ စစ်တပ်ထောက်ခံသူတွေ အိမ်တွေအထိ မယုံသင်္ကာနဲ့ အရှာခံ နေကြပါတယ်။ ည ၇ နာရီလောက် ဆိုရင် အင်အား အလုံးအရင်းနဲ့ ပိုက်စိတ်တိုက် မွှေပါတယ်။ အခုထိတော့ ဖမ်းဆီးရမိတယ် ဆိုတာမျိုး မကြားသေးဘူး” ဟု အေးသာယာမြို့ခံ တစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီ လအတွင်းကလည်း ကရင်နီပြည်မှ ဒဏ်ရာ ရရှိ၍ အိမ်ပြန်လာသည့် ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦး ဒလန် သတင်းပေးမှုကြောင့် အေးသာယာမြို့နယ်၌ ဖမ်းဆီးခံရပြီး သေဆုံးမှု ရှိခဲ့ကြောင်း ဒေသခံများထံက သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required