တိုက်ကြီးမြို့နယ်တွင် အစားအစာအတွက် လယ်ကွင်းများသို့ တောဆင်ရိုင်းများ ကျုးကျော်ဝင်ရောက်လာသည့် အန္တရာယ်များကြောင့် ရွာသူရွာသားများမှာ ကြောက်လန့်နေပြီး သစ်ပင်များပေါ် လင့်တဲငယ်များထိုးကာ နေနေရသည်။
ဆင်ရိုင်းများက ၎င်းတို့ သွားရာလမ်းတစ်လျှောက် စိုက်ခင်းများကို ဝင်ရောက်နင်းချေခြင်း၊ အိမ်များကို ဖျက်ဆီးခြင်းများအပြင် လူများကို သတ်ဖြတ်ခြင်းများပါ ရှိနေရာ ကျပ်ချောင်းကျေးရွာက ရွာသူရွာသားများက သစ်ပင်အမြင့်ပေါ် သစ်သား၊ ဝါးများဖြင့် တဲသစ်များ လင့်စင်ထိုးပြီး နေထိုင်နေရခြင်းဖြစ်သည်။
“ကျွန်တော်တို့ရဲ့ တဲတွေကို သစ်ပင်တွေပေါ်မှာ ပြောင်းဆောက်ထားရတယ်။ ဒါမှပဲ လုံခြုံနိုင်မယ်။”ဟု ဆင်ရိုင်းများ ရောက်လာချိန်က သစ်ပင်ပေါ်ရှိ သက်ကယ်မိုးတဲပေါ် အပြေးအလွှား တက်ပြေးခဲ့ရသူ ဦးစံလွင်က ပြောသည်။
ရန်ကုန်မှ မြောက်ဖက် ကီလိုမီတာ ၁၀၀ အကွာတွင် ရှိသည့် စိုက်ပျိုးရေးလုပ်ကိုင်သည့် အရပ်ဒေသဖြစ်သော ကျပ်ချောင်းရွာသူရွာသားများမှာ ကုန်လွန်ခဲ့သည့် သုံးနှစ်မှစပြီး ဆင်ရိုင်းများ၏ အန္တရာယ် စ၍ မဖြစ်ပေါ်လာခင်က အချိန်များကို သတိရမိကြောင်း အေအက်ဖ်ပီသတင်းဌာနသို့ ပြောသည်။
လက်ရှိအချိန်တွင် ရွာသူရွာသားများအနေဖြင့် တစ်ပတ်တွင် အကြိမ်ရေ ခပ်စိတ်စိတ် ကြုံတွေ့နေမြဲဖြစ်သည့် တောဆင်ရိုင်းများ၏ ခြေသံများကို ကြားရချိန်တွင် သစ်ပင်ပေါ်က လှေခါးတပ် တဲလေးများအတွင်း ကြောက်လန့်တကြားနေထိုင်နေရသည်။
“ကျွန်တော်တို့ ဒီဆင်တွေ အဝေးထွက်သွားအောင် လုပ်ပေးစေချင်ပါတယ်။ ဒါမှပဲ ကျွန်တော်တို့ စိတ်အေးလက်အေး နေလို့ရမှာပါ။”ဟု အသက် ၅၇ နှစ်ရှိ လယ်သမားကြီးတစ်ဦးဖြစ်သူ ဦးသန့်စင်က ပြောသည်။
ဒေသတွင်း နိုင်ငံများတွင် အလျင်မြန်ဆုံး ပြုန်းတီးလျက်ရှိသည့် မြန်မာနိုင်ငံ၏ သစ်တောပြုန်းတီးမှု ဘေးကြောင့် ကျက်စားရာတော လျော့ပါးပျက်စီးလာရသည့် တောဆင်ရိုင်းများသည် လူနေရပ်များသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်ကာ သေကျေပျက်စီးမှုများလည်း ဖြစ်ပေါ်လာလျက်ရှိပြီဖြစ်သည်။
မြန်မာနိုင်ငံ၏ သစ်တောပြုန်းတီးမှုသည် ၁၉၉၀ နှင့် ၂၀၁၀ ကြား ဆယ်နှစ်တာအတွင်း သစ်တော ၂၀ ရာခိုင်နှုန်း ပမာဏနီးပါးအထိ ပြုန်းတီးခဲ့ကြောင်း ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ကြီးက ပြောသည်။
သစ်တောပြုန်းတီးမှု၏ အဓိကလက်သည်မှာ သစ်ထုတ်လုပ်ခြင်းကြောင့်ဖြစ်ပြီး စစ်အုပ်ချုပ်ရေး ဆယ်စုနှစ်များစွာအတွင်း စီးပွားဖြစ် စိုက်ပျိုးရေးကို ဖော်ဆောင်ခြင်းအတွက် မြေယာဖော်ဆောင်မှုများစွာကို လုပ်ဆောင်ခဲ့ခြင်းကြောင့်လည်း အပါအဝင်ဖြစ်ကြောင်း ပညာရှင်များက ပြောသည်။
မြန်မာနိုင်ငံက တောဆင်ရိုင်းအရေအတွက်သည် ဒေသတွင်းနိုင်ငံများတွင် အများဆုံး အရေအတွက် ရှိထားသည့် နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း ကမ္ဘာ့တောရိုင်းတိရစ္ဆာန်ရန်ပုံငွေ အဖွဲ့အရ သိရသည်။
သို့သော် ရှားပါးစာရင်းဝင်နေပြီဖြစ်သည့် ဆင်ကောင်ရေသည် ကျက်စားရာတော ပျက်စီးခြင်းများကြောင့် ဘေးအန္တရာယ်များ တိုးပွားလာနေပြီး အစွယ်အတွက် သတ်ဖြတ်ခြင်းနှင့် မှောင်ခိုသမားများက ထိုင်းနိုင်ငံ ကမ္ဘာ့လှည့်ခရီးသွားလုပ်ငန်းအတွက် တိရစ္ဆာန်များကို မှောင်ခိုတင်သွင်းနေခြင်းများကြောင့်လည်း ခြောက်လှန့်ခံနေရပြီဖြစ်သည်။