တနင်္သာရီတိုင်းသို့ လာမည့် ခရီးသည်များ ကိုဗစ် စစ်ဆေးရမည်

By သတင်းနှင့် မီဒီယာ ကွန်ရက်
13 February 2022
တနင်္သာရီတိုင်းသို့ လာမည့် ခရီးသည်များ ကိုဗစ် စစ်ဆေးရမည်

ဖေဖော်ဝါရီလ ၁၃ ရက်

တနင်္သာရီတိုင်းဒေသကြီးသို့ လာရောက်မည့် လေယာဉ်စီး ခရီးသည်များတွင် ၇၂ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါ စစ်ဆေးပြီးကြောင်း လက်မှတ် စစ်ဆေးသွားမည်ဟု တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ညွှန်ကြား ချက် ထုတ်ပြန်ကြေငြာထားသည်။

ဖေဖော်ဝါရီ ၁၂ ရက်နေ့မှ စတင်၍ လေကြောင်းခရီးစဉ်ဖြင့် ရန်ကုန်မြို့မှ မြိတ်၊ ထားဝယ်၊ ကော့သောင်း၊ ဘုတ်ပြင်းမြို့များသို့ လာရောက်ကြမည့် ခရီးသည်များအားလုံး RDT Test case ဖြင့် ၇၂ နာရီ အတွင်း စစ်ဆေးထားသည့် သက်သေခံလက်မှတ်ကို စစ်ဆေးသွားရန် အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။ 

မြိတ်မြို့က လေယာဉ်လက်မှတ် အရောင်းဝန်ထမ်းတစ်ဦးက “လေယာဉ်လက်မှတ်ကို ၇၂ နာရီ အတွင်း ကိုဗစ် စစ်ပီးကြောင်း လက်မှတ်ပါမှ ရောင်းချပေးဖို့ ကျန်းမာရေးဌာနက အကြောင်းကြားထားတယ်” ဟု ပြောသည်။

ဖေဖော်ဝါရီ ၁၀ ရက်နေ့က ကျင်းပခဲ့သည့် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီ စည်း ဝေးပွဲတွင် ထိုကဲ့သို့ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

ဆိုက်ရောက်ခရီးသည်များတွင် RTD ဖြင့် ကိုဗစ် ထပ်မံစစ်ဆေး၍ ရောဂါပိုးတွေ့ရပါက ဆောင်ရွက်ရမည့် လုပ် ငန်းစဉ်များအတိုင်း သက်ဆိုင်ရာ ခရိုင်/မြို့နယ် အုပ်ချုပ်ရေးအဖွဲ့အစည်းများ ကြက်ခြေနီအသင်း၊ လူမှုရေးအဖွဲ့ အစည်းများနှင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက်သွားရန်လည်း ဖေါ်ပြထားသည်။

တနင်္သာရီတိုင်း အတွင်း ခရိုင် ၃ ခရိုင်တွင် ကိုဗစ်-၁၉ ရောဂါပိုး ကူးစက် အတည်ပြုလူနာ အယောက် ၃၀ ခန့် ရှိ နေပြီး ဖေဖော်ဝါရီ လဆန်းပိုင်းရက်များမှ စတင်၍ တစ်ရက်ထက်တစ်ရက် တိုးပွားလာနေသည်ဟု သက်ဆိုင်ရာ မြို့နယ် ကျန်းမာရေးဌာနများမှ စာရင်းထုတ်ပြန်ထားသည်။

တိုင်းအတွင်း ထားဝယ်မြို့နယ်တွင် ခြောက် ဦး၊ မြိတ်မြို့တွင် ငါး ဦးနှင့် တနင်္သာရီမြို့တွင် ငါး ဦးနှင့် ကော့သောင်းမြို့နယ် တွင် ၁၃ ဦး စုစုပေါင်း ၂၉ ဦးကို ကိုဗစ်-၁၉ ရောဂါပိုးကူးစက်မှု တွေ့ရှိထားသည်ဟု တိုင်းဒေသကြီး ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၏ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။

ကျန်းမာရေးဌာနများမှ ထုတ်ပြန်သည့် အချက်အလက်များထက် လက်တွေ့ မြေပြင်တွင် အိမ်တွင်းကြိတ်ကုသ နေသည့် ကိုဗစ်ရောဂါကူးစက်သူများက ပိုများနေသည်ဟု ကျန်းမာရေးစောင့်ရှောက်မှု ကူညီပေးနေသည့် မြိတ် မြို့ ပရဟိတအသင်းအဖွဲ့တစ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မြန်မာနိုင်ငံအတွင်း ကိုဗစ်မျိုးရိုးဗီဇပြောင်းဖြစ်သည့် အိုမီခရွန် ကူးစက်ပျံ့နှံ့မှုများလည်းရှိလာနေသည့် အချိန်တွင် ဖွင့်လှစ်နေဆဲ စာသင်ကျောင်းများ၊ ဘာသာရေး အလှူပွဲများနှင့် မင်္ဂလာဆောင်ပွဲများ လူစုလူဝေးဖြင့် သွားလာ ကျင်းပနေကြသည်မှာ လွန်စွာစိုးရိမ်စရာကောင်းနေသည်ဟု ဆိုသည်။

လက်ရှိတွင် တနင်္သာရီတိုင်းအတွင်းတွင် သာမကာ နိုင်ငံတဝှမ်းတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန် ချက်များကို လိုက်နာမှု အားနည်းနေသည်များကို တွေ့နေရသဖြင့် ရောဂါကူးစက်ပြန့်ပွားမည်ကို စိုးရိမ်နေသူများ လည်း ရှိနေကြသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required