သားဇောနဲ့ မျှော်ကာ မောရတဲ့ နေ့

By ရိုဇာ
13 February 2022
သားဇောနဲ့ မျှော်ကာ မောရတဲ့ နေ့

ဖေဖော်ဝါရီ ၁၃

အင်းစိန်ထောင်ရဲ့ ရှေ့မှာ လူတွေ ဟိုတစ်စု ဒီတစ်စုနဲ့ စောင့်နေကြသလို ထောင်အနီးက လက်ဖက်ရည်ဆိုင်တွေ အသုပ်ဆိုင်တွေ ထဲမှာလည်း လူတွေက အစုလိုက် အပြုံလိုက်။ သူတို့တွေက စကားတွေ ပြောလိုက် ထောင်ဘက်ကို လှမ်းလှမ်းကြည့်လိုက်နဲ့ လည်တဆန့်ဆန့် ခေါင်းတမျှော်မျှော် ဖြစ်နေကြတယ်။

သူတို့က ဖေဖော်ဝါရီ ၁၂ ရက် ပြည်ထောင်စုနေ့မှာ စစ်ကောင်စီက အကျဉ်းသားတွေ လွှတ်ပေးမယ် ဆိုတဲ့ သတင်းကြောင့် လာစောင့်နေတဲ့ အကျဉ်းသားတွေရဲ့ မိသားစုဝင်တွေပါ။

“တစ်ညလုံး အိပ်လို့တောင် မရဘူး။ မလွတ်လာတော့လည်း စိတ်ဆင်းရဲပြီး ပြန်သွားရတာပဲ။ လွတ်မယ် ကြားတော့လည်း ပျော်ပြီးလာရ၊ တစ်ယောက်ထဲ အိမ်ပြန်ရတော့လည်း ငိုပြီးပြန်ရနဲ့" လို့ ခေါင်းမှာ ပန်းနှစ်ပွင့် ပန်ထားတဲ့ ဒေါ်နုနုအောင်က သူ ဒီနေ့ကို ဘယ်လောက်တောင် မျှော်လင့်ခဲ့ရတယ် ဆိုတဲ့ အကြောင်းကို ပြောပါတယ်။

ဒေါ်နုနုအောင်ကို ထောင်အနီးအနား ရှိတဲ့ ဈေးဆိုင်က လူတွေရော ထောင်ရှေ့ လာစောင့်နေကြတဲ့ သူတွေကပါ အကုန် မျက်မှန်း တန်းမိနေပြီး ရင်းနှီးနေကြတဲ့ အထိပါ ဖြစ်နေပါတယ်။ ထောင်နဲ့ အနီးဆုံး ရှိနေရတာဟာ သူ့သားတွေနဲ့ နီးကပ်တယ်လို့ ခံစားရစေတယ်လို့ သူကဆိုပါတယ်။ ဒီလို ပြည်ထောင်စုနေ့မှ မဟုတ်ဘဲ တခြားနေ့တွေမှာလည်း သူဟာ အင်းစိန်ထောင်ကို အမြဲလိုလို လာလေ့ရှိသူပါ။

“အန်တီက အင်းစိန်ထောင်ကို အမြဲတမ်းလာတယ်။ ဒီနားမှာရှိရင် သားတွေနဲ့ နီးကပ်တယ်လို့ ခံစားရစေတယ်လေ။ ဒီက မု့န်ဆိုင်က လူတွေတောင် ပြောကြတယ်။ ဘာလာလုပ်တာလဲ၊ ကိုယ့်ဟာကို အိမ်ပြန်ပြီး နားနေဖို့ပေါ့။ ဒါပေမယ့်လည်း သားတွေက ဒီထဲမှာ ရှိနေတာလေ။ အိမ်မှာ ရှိနေတာမှ မဟုတ်တာ ”လို့ သူက ပြောပါတယ်။

အင်းစိန်ထောင်ရှေ့မှာ လူတွေက အခုလို မျှော်လင့် စောင့်စား နေခဲ့ကြပေမယ့် နိုင်ငံရေး အကျဉ်းသားတွေ တစ်ယောက်မှ လွတ်မြောက်ခြင်း မရှိခဲ့ပါဘူး။

“အန်တီ ထမင်းစားလိုက်ရင် အိပ်ငိုက်မှာ စိုးလို့ ထမင်းတောင် မစားဘူး။ တစ်နေကုန် အဲ့မှာ ထိုင်စောင့်နေတာ။ ညောင်းတော့ ခဏလေး လှဲနေလိုက် ပြန်ထိုင်စောင့်လိုက်နဲ့။ ဖျာလည်းမပါ ဘာမပါနဲ့ ဒီတိုင်း စောင့်နေရတာ။ ကားတွေက ခုနစ်စီး ဝင်သွားပြီး လေးစီးပဲ ပြန်ထွက်လာတယ်။ ထောင်ထဲကနေ ကားလေးစီး ထွက်လာပြီး ၅၀၅ ပုဒ်မနဲ့ စွဲခံရသူတွေ မပါဘူးလည်းပြောရော ငိုတောင် ငိုမိတယ်။ အဲ့မှာ ၅၀၅ တွေ စောင့်နေကြတဲ့ သူတွေလည်း လွတ်တဲ့အထဲ မပါတော့ အချင်းချင်းတွေ ပြောရင်းနဲ့ ငိုကြတယ် “ လို့ ဒေါ်နုနုအောင်က ပြောပါတယ်။

ဒေါ်နုနုအောင်ရဲ့ သားနှစ်ယောက်လုံး စစ်ကောင်စီရဲ့ ဖမ်းဆီးခြင်း ခံခဲ့ရတာပါ။ စက်မှုတက္ကသိုလ် တက်နေတဲ့ သူ့သားကြီးဟာ လက်ဖက်ရည်ဆိုင် ထိုင်နေစဉ် အဖမ်းခံခဲ့ရတာဖြစ်ပြီး ဟတ်ကာလို့ စစ်တပ်က စွပ်စွဲ ဖမ်းဆီးသွားခဲ့တာပါ။ သူ့ရဲ့ သားအငယ်ကတော့ ၁၀ တန်းကျောင်းသား အရွယ်သာ ရှိသေးတယ်လို့ ဆိုပါတယ်။ ဒေါ်နုနုအောင်ဟာ သူ့သားလေးတွေ လွတ်ဖို့ လွတ်ငြိမ်းခွင့် အစောင် နှစ်ဆယ်လောက် တင်ခဲ့ပြီး ဖြစ်ပါတယ်။

“ အန်တီ အစောင်နှစ်ဆယ်လောက်ရှိတယ် ။ လွတ်ငြိမ်းတင်တာ။ ပိုက်ဆံလည်း သိန်းခြောက်ဆယ် ကျော်လောက် ကုန်နေပြီ။ အန်တီအိမ်လည်း ဆယ်ငါးသိန်းနဲ့ ပေါင်ထားတယ်။ ရှိတဲ့ ရွေတွေ ဘာတွေလည်း ကုန်တာပေါ့။ အခု ကြက်ဥတွေ ရောင်းနေတယ်။ အန်တီတို့ မြို့နယ်က လူတွေက ဝယ်ပေးကြပါတယ်။ တချို့ကလည်း ထောင်ဝင်စာ တွေ့မယ်ဆိုရင် မုန့်ထုပ်လေးတွေ လာပေးကြတယ်။ အဲ့ဒါလေးတွေကြောင့် အန်တီ နည်းနည်း အဆင်ပြေနေပါတယ်’’လို့ ပြောပါတယ်။

ပြည်ထောင်စုနေ့မှာ အကျဉ်းထောင် တွေထဲကနေ အကျဉ်းသား ၈၁၄ ဦးကို လွှတ်ပေးမယ်လို့ စစ်ကောင်စီက ထုတ်ပြန်ခဲ့လို့ လာရောက် စောင့်ဆိုင်း နေခဲ့ပေမယ့် မျှော်လင့်သလို ပြန်မလွတ်လာတဲ့ အပေါ် စိတ်ပျက်မိပြီး တုံ့ပြန်လိုစိတ် မရှိတော့ဘူးလို့လည်း CDM ကြောင့် အဖမ်းခံခဲ့ရတဲ့ ဇနီးဖြစ်သူကို လာရောက် စောင့်ဆိုင်းနေတဲ့ အမျိုးသား တစ်ဦးက ဆိုပါတယ်။

“သူတို့က နဂိုကတည်းက လုပ်ချင်တာ လုပ်နေတာ။ ဥပဒေအထက်မှာ ရှိနေတာပဲ။ သူတို့ လုပ်ချင်ရင် ဖြစ်မယ် မလုပ်ချင်ရင် မဖြစ်ဘူး။ သူတို့လွှတ်ဆိုရင် လွတ်မယ်။ မလွှတ်ဆိုရင် မလွတ်ဘူးပေါ့။ သူက ရဲကော ဥပဒေကောကိုကျော်နေပြီး သူလုပ်ချင်ရာလုပ်နေတာ “ ဟု ၎င်းက ပြောပါတယ်။

အင်းစိန်ထောင် အရှေ့တည့်တည့် မြက်ခင်းပြင်မှာ ထီးလေးဆောင်း သတင်းစာလေး ခင်းထိုင်ပြီး စောင့်နေတဲ့ ဒေါ်ဝါဝါကတော့ ဒီနေ့ သူ့သားလေး လွတ်လာမှာပဲလို့ မျှော်လင့်နေခဲ့တာပါ။ လွတ်လပ်ရေးနေ့ တုန်းကလည်း သူအခုလိုပဲ လာစောင့် ခဲ့ပါသေးတယ်။ ဒီနေ့ကတော့ သတင်းတွေထဲမှာ ကြေညာထားတယ်လို့ သူများတွေ ပြောကြလို့ သူက အရင်တုန်းကထက် အများကြီး မျှော်လင့်နေခဲ့ပုံပါပဲ။

“လူအယောက် ၈၀ ကျော် ၉၀ လောက်တော့ လွှတ်လိုက်တယ်။ ဒါပေမဲ့ ကိုယ့်သားကတော့ ပါမလာဘူးပေါ့။ မိုးချုပ်တဲ့အထိ ထွက်လာမယ် ၊ လွတ်လာမယ် ထင်ပြီး စောင့်နေခဲ့တာ။ မိုးသာ စုံးစုံး ချုပ်သွားတယ်၊ ဒါပေမဲ့ သားလေးက လွတ်မလာခဲ့ဘူး’’ လို့ မနေ့က သူ‌မျှော်လင့်ခဲ့ရတဲ့ အဖြစ်အပျက်ကို ဒေါ်ဝါဝါက ပြောပြပါတယ်။

ပြီးသွားခဲ့တဲ့ ပြည်ထောင်စုနေ့က အင်းစိန်ထောင်ရှေ့မှာ ဒေါ်ဝါဝါတို့ ဒေါ်နုနုအောင်တို့လို သားမျှော်ရတဲ့ မိခင်တွေ အများကြီးပါ။ စစ်တပ်ရဲ့ မတရား ဖမ်းဆီးမှုတွေနဲ့အတူ ပါသွားပြီး ပြန်မလွတ်လာကြသေးတဲ့ လူငယ်တွေ အင်းစိန်ထောင်ထဲမှာ များစွာ ကျန်နေပါသေးတယ်။

“အခု မလွှတ်ပေးဘူး ဆိုတော့ ထူးပြီးတော့ အံ့ဩရတာ မရှိပါဘူး။ ဘာဖြစ်လို့လဲသိလား။ ဒီအချိန်မှာ သူတို့က အဲ့ဒီလောက် သဘောထား ကြီးမနေဘူးလေ။ သဘောထား မကြီးလို့ဘဲ နောက်ထပ် လူတွေကို ထပ်ဖမ်းနေတာပေါ့” လို့ ဒေါ်နုနုအောင်က ဆိုပါတယ်။

ဒါပေမဲ့လည်း နောက်နေ့တွေမှာ သားလေးတွေ ရှိတဲ့ အင်းစိန်ထောင်ကို ဒေါ်နုနုအောင် တစ်ယောက် အမြဲ ဆက်သွားနေဦးမှာပါ။ သူ့အိမ်မှာ သူ့သားတွေ မရှိတော့တဲ့ အတွက် သူ့သားတွေ ရှိနေတဲ့ အင်းစိန်ထောင်ကို သူအမြဲ ဆက်သွားနေအုံးမယ်လို့ ဆိုပါတယ်။

ဆောင်းပါးပါ အမည်များမှာ အမည်လွှဲများ ဖြစ်ပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly