မွန်ပြည်နယ်တွင် နယ်မြစိုးမိုးတော့မည် ဖြစ်ကြောင်း ပြည်သူများကို YSTF အသိပေး

မွန်ပြည်နယ်တွင် နယ်မြစိုးမိုးတော့မည် ဖြစ်ကြောင်း ပြည်သူများကို YSTF အသိပေး

ဖေဖော်ဝါရီ ၁၃

မွန်ပြည်နယ် ရေး-မော်လမြိုင် အဝေးပြေး ကားလမ်းမကြီးပေါ်ရှိ စံပြကျေးရွာ အနီးတွင် YSTF တပ်ဖွဲ့က ခရီးသွား ပြည်သူများအား မိတ်ဆက်ကာ နယ်မြေ စိုးမိုးတော့မည် ဖြစ်ကြောင်း အသိပေးခဲ့သည်ဟု သိရသည်။

ယနေ့ ဖေဖော်ဝါရီလ ၁၃ ရက် ဗိုလ်ချုပ်မွေးနေ့တွင် ခရီးသွားကား အစီးနှစ်ဆယ်ခန့်မှ ပြည်သူများအား မိတ်ဆက်ကာ ပြည်သူများကလည်း လက်သုံးချောင်း ထောင်ကာ အားပေးသွားကြောင်း Ye Special Tasks Forces - YSTF ပြန်ကြားရေး တာဝန်ခံက ပြောသည်။

YSTF တပ်ဖွဲ့၏ ထုတ်ပြန်ချက် ရုပ်သံတွင် လက်နက်ကိုယ်စီ လွယ်ထားသည့် တော်လှန်ရေး တပ်သားများ ပါဝင်သည့် စစ်ကြောင်း တစ်ခုကို တွေ့ရပြီး “ပြည်သူနှင့် ရင်းနှီး ငြိမ်းချမ်းစွာ တွေ့ဆုံပြီး ပြန်လာသည့် တပ်ပေါင်းစု စစ်ကြောင်း” ဖြစ်သည်ကို တပ်ဖွဲ့ခေါင်းဆောင်ဟု ယူဆရသူ တစ်ဦးက ရှင်းပြထားသည်။

“ကျွန်တော်တို့ကို ပြည်သူက လက်ခံနိုင်သလား လက်မခံဘူးလား ဆိုတာကို စမ်းသပ်တဲ့ သဘောပါ၊ ပြည်သူ အများစုက လက်သုံးချောင်းထောင်ကာ အားပေးသလို အချို့ဆို ငိုကြတယ် သူတို့အားရလို့၊ စကားတော့ အကြာကြီး မပြောလိုက်ရဘူး” ဟု Ye Special Tasks Forces - YSTF ပြန်ကြားရေး တာဝန်ခံက ပြောသည်။

ရေးမြို့နယ်ရှိ စစ်ကောင်စီတပ်အား လက်နက်ကိုင် တော်လှန်နေသည့် တပ်ဖွဲ့များ စုပေါင်းကာ တပ်မဟာ တစ်ခုအဖြစ် စစ်ကြောင်းထိုးနိုင်ရန် စတင်ပေါင်းစု လုပ်ဆောင်နေပြီ ဖြစ်ကြောင်း ပြည်သူများအား တရားဝင် တင်ပြ ပြောဆိုထားသည်။

ယနေ့ ကျရောက်သည့် ၁၀၇ နှစ်ပြည့် ဗိုလ်ချုပ်မွေးနေ့တွင် အဆိုပါ တပ်မဟာအား စတင်ဖွဲ့စည်းကြောင်း ကိုလည်း ရုပ်သံဖိုင်တွင် တစ်ပါတည်း ကြေညာထားသည်။

“ကော်သူးလေ တပ်မဟာ (၆)၊ တပ်ရင်း(၁၆) ဝခတပ်ခွဲ နယ်မြေတွင် ခိုလှုံ အခြေစိုက်ခွင့်ရသော MSRU၊ ရေးဘီလူးနှင့် YSTF အဖွဲ့တို့ ပူးပေါင်း၍ ပြည်သူ့တပ်ပေါင်းစု တပ်ဦးကို ကျောပိုးအိပ်စခန်း စနစ်ဖြင့် ဖွဲ့စည်းထားပြီ ဖြစ်ကြောင်း ယနေ့ ဖေဖော်ဝါရီလ ၁၃ ရက် ဗိုလ်ချုပ်မွေးနေ့တွင် ပြည်သူလူထုထံသို့ တရားဝင် အသိပေး ကြေငြာလိုက်သည်” ဟုလည်း Ye Special Tasks Forces – YSTF က ၎င်းတို့ လူမှုကွန်ရက် စာမျက်နှာတွင် ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly