ဘင်္ဂလားဒေ့ရှ်၌ ၁၉၇၁ ခုနှစ်ကာလ ပါကစ္စတန် ကျူးလွန်သော ပြစ်မှုများက လူမျိုးတုန်းသတ်မှုဖြစ်ဟု ဆို

ဘင်္ဂလားဒေ့ရှ်၌ ၁၉၇၁ ခုနှစ်ကာလ ပါကစ္စတန် ကျူးလွန်သော ပြစ်မှုများက လူမျိုးတုန်းသတ်မှုဖြစ်ဟု ဆို

၁၉၇၁ ခုနှစ် ဘင်္ဂလားဒေ့ရှ်၏ လွတ်မြောက်ရေးစစ်ပွဲကာလအတွင်း ပါကစ္စတန်တပ်ဖွဲ့များ ကျူးလွန်ခဲ့သည့် ပြစ်မှုများက လူမျိုးတုန်း သတ်ဖြတ်မှု မြောက်သည်ဟု Genocide Watch ဟု ခေါ်သည့် အမေရိကန်အခြေစိုက် လူမျိုးတုန်းသတ်မှု စောင့်ကြည့်ရေးအဖွဲ့တစ်ခုက အသိအမှတ်ပြု ပြောကြားလိုက်သည်။

“လွန်ခဲ့တဲ့ ၁၉၇၁ ခုနှစ်က ဘင်္ဂလားဒေ့ရှ်မှာ ဘင်္ဂါလီတွေအပေါ် ပါကစ္စတန်စစ်တပ် တပ်ဖွဲ့ဝင်တွေ ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေကို လူမျိုးတုန်းသတ်ဖြတ်မှု၊ လူသားထုအပေါ် ကျူးလွန်တဲ့ ပြစ်မှုတွေနဲ့ စစ်ရာဇဝတ်မှုတွေအဖြစ် Genocide Watch အဖွဲ့က အသိအမှတ်ပြုတယ်” ဟု ယင်းအဖွဲ့က ဖေဖေါ်ဝါရီ ၃ ရက်တွင် ထုတ်ပြန်ခဲ့သည့် ကြေညာချက်တွင် ပါရှိသည်။

ဝါရှင်တန်အခြေစိုက် အဆိုပါ NGO အဖွဲ့သည် လူမျိုးတုန်း သတ်ဖြတ်မှုနှင့် အခြားသော ပုံစံများဖြင့် လူအများအပြား သတ်ဖြတ်ခံရမှုများကို ခန့်မှန်း၊ တားဆီး၊ အပြစ်ပေးရန် လုပ်ဆောင်နေသည့် အဖွဲ့တစ်ခု ဖြစ်သည်။

“ပါကစ္စတန် စစ်တပ် ကျူးလွန်ခဲ့တဲ့ ဒီပြစ်မှုတွေက လူသားထုအပေါ် ကျူးလွန်တဲ့ ပြစ်မှုတွေ၊ မျိုးဖြုတ်မှု၊ လူအများကို နှင်ထုတ်မှု ဒါမှမဟုတ် အတင်းအကျပ် ရွှေ့ပြောင်းခိုင်းမှု၊ အကျဉ်းချမှု ဒါမှမဟုတ် ခန္ဓာကိုယ်ပိုင်းဆိုင်ရာ လွတ်လပ်ခွင့်အပေါ် အကြီးအကျယ် ပိတ်ပင်မှု၊ ညှင်းပန်းနှိပ်စက်မှု၊ အဓမ္မပြုကျင့်မှု၊ လိင်အကြမ်းဖက်မှု၊ ဖိစီးနှိပ်စက်မှု၊ အတင်းအကျပ် ဖျောက်ဖျက်မှု နဲ့ အခြားသော လူမဆန်တဲ့ လုပ်ရပ်တွေပဲ ဖြစ်ပါတယ်” ဟု ကြေညာချက်တွင် ဖော်ပြသည်။

၁၉၇၁ ခုနှစ်အတွင်း အရှေ့ပါကစ္စတန်၏ ဘင်္ဂါလီများအပေါ် ကျူးလွန်သည့် ပြစ်မှုများက ပျံ့နှံ့ဖြစ်ပေါ်ပြီး စနစ်တကျ ဖြစ်ခဲ့သလို ယင်းပြစ်မှုများကို ပါကစ္စတန်စစ်တပ်၊ အခြားသော စစ်ဝန်ထမ်း တပ်ဖွဲ့များနှင့် မွတ်ဆလင် သွေးစည်းညီညွတ်ရေး နိုင်ငံရေးအင်အားစုများက လုပ်ဆောင်ခဲ့သည် ဆိုသည့် သုံးသပ်ချက်ကို ထောက်ခံပံ့ပိုးနေသည့် အားကောင်းသည့် သက်သေအထောက်အထား ရှိကြောင်း ယင်းက ဖြည့်စွက် ပြောခဲ့သည်။

ယင်းအတွက်ကြောင့် ဘင်္ဂလားဒေ့ရှ်တွင် ၁၉၇၁ ခုနှစ် လူမျိုးတုန်းသတ်မှုဖြစ်ပွားကြောင်း အသိအမှတ်ပြုသည့် ဆုံးဖြတ်ချက်တစ်ရပ်ကို ကုလသမဂ္ဂ အထွေထွေညီလာခံ၌ ပြဋ္ဌာန်းရေးအတွက် Genocide Watch ၏ တည်ထောင်သူဖြစ်သလို လူမျိုးတုန်းသတ်မှု လေ့လာမှုဆိုင်ရာ ကျွမ်းကျင်သူတစ်ဦးဖြစ်သည့် ဂရီဂေါ်ရီ စတန့်တွန်က တိုက်တွန်းခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly