တရုတ်က ရှင်ကျန်းတွင် လျှို့ဝှက်ရေလွှဲဥမင်လိုဏ်ခေါင်း တည်ဆောက်နေ

တရုတ်က ရှင်ကျန်းတွင် လျှို့ဝှက်ရေလွှဲဥမင်လိုဏ်ခေါင်း တည်ဆောက်နေ

တရုတ်သည် ဒေသတွင်းမှ ဝီဂါ၊ ကာဇက်နှင့် အခြားလူမျိုးများကို ရွှေ့ပြောင်းခိုင်းကာ ဟန်တရုတ်လူမျိုးများကို အလေးပေးလျက် တိုင်းရင်းသားဟန်ချက်ညီမှုကို ပြောင်းလဲသွားစေမည့် အရှည် ၅၁၄ ကီလိုမီတာရှိသော လျှို့ဝှက်ရေလွှဲဥမင်လိုဏ်ခေါင်းတစ်ခုကို ရှင်ကျန်းဒေသတွင် တည်ဆောက် နေသည်။

သဲကန္တာရဒေသများ ဖွံ့ဖြိုးတိုးတက်ရန် ရည်ရွယ်သည်ဆိုသော်လည်း ဝီဂါတို့အတွက် များစွာမပါဝင်စေကြောင်းနှင့် ဝီဂါလူဦးရေကို လျော့ပါးစေနိုင်ကြောင်း ကျွမ်းကျင်သူများက ဆိုသည်ဟု ဆောင်းပါးရှင် ဂျီလီမူရှာက RFA တွင် ရေးသားထားသည်။

စီမံကိန်းတွင် နက်ရှိုင်းစွာတူးမည့် ဥမင် ၃ ခု ပါဝင်ပြီး အရှည်ဆုံးမှာ ၂၈၀ ကီလိုမီတာ (၁၇၄ မိုင်) ရှည်လျားသည့် Kashuang ဥမင်လိုဏ်ခေါင်း ဖြစ်သည်။

အဆိုပါဒေသတွင်နေထိုင်သော ဝီဂါမွတ်စလင်များအပေါ် ညှဉ်းပန်းနှိပ်စက်မှုများဖြစ်ပွားနေချိန်တွင် ယခုတည်ဆောက်ရေး များကို လုပ်ဆောင်နေခြင်းဖြစ်ကာ ရေဥမင်ကွန်ရက်နှင့်ပတ်သက်၍ တရုတ်၏နိုင်ငံပိုင်မီဒီယာများက သတင်းမထုတ်ပြန်သေးပေ။

သို့သော်လည်း အလုပ်သမားများသည် ပြင်းထန်သော ရေစီးကြောင်းများကြောင့် အဆိုပါနေရာမှ ထွက်ပြေးနေကြရသည်။အဆိုပါပြဿနာသည် ဆောက်လုပ်ရေးလုပ်ငန်းအပေါ် ဆိုးရွားသော အကျိုးသက်ရောက်မှုများ ရှိနေသည်ဟု ဥမင်ဆောက်လုပ်ရေး အစီရင်ခံစာတွင် ဖော်ပြထားသည်။

ရှင်ကျန်းတောင်ပိုင်းတွင် လက်ရှိအချိန်၌ ဟန်တရုတ်လူမျိုး ၈ ရာခိုင်နှုန်းသာရှိကာ လူဦးရေနည်းပါးနေသည်ကို တရုတ်အစိုးရက မြင်တွေ့နေပြီး စိုးရိမ်နေကြောင်း ဂျာမန်သုတေသီ အေဒရီယန်ဇန်း၏ ၂၀၂၁ ခုနှစ် ဩဂုတ်လထုတ် “တောင်ပိုင်းရှင်ကျန်း၌ တရုတ်၏လူဦးရေထိန်းညှိခြင်းမဟာဗျူဟာဆိုင်ရာ အစီရင်ခံစာ” ၌ ဖော်ပြထားသည်။

တရုတ်အနေဖြင့် ရှင်ကျန်းဒေသသို့ ရေသွယ်ရန်နှင့် ရွှေ့ပြောင်းနေထိုင်သူဦးရေ ပိုများလာစေရန် ကြိုးပမ်းမှုမှာ ပထမဆုံးအကြိမ်မဟုတ်ပေ။

အစောပိုင်းစီမံကိန်းတစ်ခုတွင် တရုတ်သုတေသီများသည် တိဗက်ကုန်းပြင်မြင့်ရှိ ယာလန်ဆန်ပိုမြစ်မှ တာရင်းမြစ်ဝှမ်းသို့ ရေလမ်းကြောင်းပြောင်းရန် ကီလိုမီတာ ၁၀၀၀ ရှည်သော ဥမင်လိုဏ်ခေါင်းတစ်ခု တည်ဆောက်ရန် စီစဉ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly