ဧရာဝတီတိုင်းတွင် လျှပ်စစ်မီး ပြတ်တောက်၍ လုပ်ငန်းအချို့ ပိတ်သိမ်း

ဧရာဝတီတိုင်းတွင် လျှပ်စစ်မီး ပြတ်တောက်၍ လုပ်ငန်းအချို့ ပိတ်သိမ်း
ဓာတ်ပုံ - ပုံအဟောင်း

ဖေဖော်ဝါရီ ၁၃

ဧရာဝတီတိုင်း အတွင်းရှိ မြို့နယ်အားလုံးတွင် တစ်ရက် ၁၄ နာရီကျော်ကြာ လျှပ်စစ်မီး ပြတ်တောက်နေရာ နေ့ပိုင်းတွင် နာရီ အနည်းငယ်သာ ရရှိ၍ လျှပ်စစ်နှင့် လုပ်ကိုင်ရသည့် လုပ်ငန်းအချို့ ပိတ်သိမ်းမှုများ ရှိနေကြောင်း သိရသည်။

နေ့စဉ် မနက် ၄ နာရီမှ ည ၁၀ နာရီအထိ လျှပ်စစ်မီး ပြတ်တောက်လေ့ရှိရာ နေ့ပိုင်းတွင် နာရီ အနည်းငယ် အလှည့်ကျပုံစံဖြင့် မီးရရှိကြောင်း ဒေသခံများက ပြောသည်။

“မနက်ဆို မလင်းသေးဘူး မီးကပျက်နေပြီ၊ နေ့ခင်းပိုင်းတွေမှာ ၃ နာရီကြာ ပြတ်ပြီးရင် နာရီဝက် ကျော်ကျော်လောက်ဘဲ မီးခဏပေးတယ်၊ အဲ့လိုနဲ့ အလှည့်ကျ ပြတ်နေတာ၊ ညပိုင်းကျတော့ ၁၀ နာရီ နောက်ပိုင်းမှာ မီးကပြန်လာတယ်၊ အဲ့ဒါကတော့ မနက် ၄ နာရီလောက်ထိ လာတယ်၊ အိမ်အတွက် လိုအပ်တဲ့ ရေတင်တာတွေ အားသွင်းတာတွေကိုဘဲ လုပ်လို့ရတယ်၊ ရေခဲသေတ္တာ သုံးတာနဲ့ တစ်ခြား ချက်ပြုတ်တာတွေ သုံးဖို့ဆိုတာ မဖြစ်နိုင်ဘူး” ဟု ညောင်တုန်းမြို့ခံ တစ်ဦးက ပြောသည်။

ပြတ်တောက်ချိန် ကြာမြင့်သောကြောင့် လျှပ်စစ်မီး အသုံးပြု လုပ်ကိုင်ရသည့် လုပ်ငန်းအချို့ အပြီး ရပ်ဆိုင်းရမှုများ ရှိနေကြာင်း သိရသည်။

“ဒီဇင်ဘာလောက်ထဲက စပျက်တာက အခု ပိုဆိုးလာတယ်၊ ဒီဇင်ဘာ တုန်းကတော့ မီးလိုင်းတွေ ပြင်မှာမို့ ဓာတ်အား လျှော့ချတယ် ပြောတော့ အဟုတ်ထင်တာ၊ အခုက ၂၀၀၈ ဝန်းကျင်လောက်ကို ပြန်ရောက်သွားတာ၊ ဟိုကောင် အာဏာသိမ်းမှ ဖြစ်သွားတာတွေ၊ တစ်နေကုန် ပျက်တယ်၊ ဆီဈေးတွေကလည်း အရမ်း ဈေးကြီးတော့ မီးစက်တွေနဲ့ အလုပ်လုပ်ရမယ် ဆိုရင်လည်း မကိုက်ဘူး၊ မိတ္တူဆိုင် ကွန်ပျူတာဆိုင်တွေက နေ့ခင်း ဆိုင်ဖွင့်ပြီး အော်ဒါ ကောက်တယ်၊ ညမှ အလုပ်လုပ်ကြရတယ်၊ အိမ်တွင်း အလုပ်လေးတွေလို့ ပြောလို့ရမယ်၊ လုပ်ငန်းကြီး လုပ်တာမျိုးဆို အလုပ်နားလိုက်ကြပြီ၊ လွန်ခဲ့တဲ့ ၁၀ နှစ် မဟုတ်ဘူး ၁၅ နှစ်လောက်ကို နောက်ပြန်ဆုတ်သွားတာ” ဟု ပုသိမ်မြို့ရှိ ကွန်ပျူတာ စာစီစာရိုက်ဆိုင် ဖွင့်လှစ်ထားသူ တစ်ဦးက ပြောသည်။

လျှပ်စစ်မီး ပြတ်တောက်မှု ကြာမြင့်သော်လည်း စစ်ကောင်စီက မီတာခများ ပိုမို တောင်းခံနေကြောင်း ဒေသခံများက ဆိုသည်။

“ဒီဇင်ဘာလတုန်းကဆို တစ်လထဲ မီတာစာရွက် သုံးစောင် လာပေးတယ်၊ မဆောင်တဲ့ နေရာတွေကို မီးဖြတ်တယ်၊ ဆောင်တော့လည်း မီးကသာ မလာတာ မီတာခက များနေတုန်း၊ မီတာတွေကို ဦးသိန်းစိန် မဆင်းခင်က အိမ်မှာ တပ်ထားတာတွေကို တိုင်ပေါ် အတင်းတင်သွားတော့ မီတာယူနစ်တွေကို စစ်မရဘူး၊ အဲ့ဒါကို အခွင့်ကောင်းယူပြီး ပိုက်ဆံကို အတင်းတောင်းနေတာ၊ ဒီကောင်တွေမှာ ပိုက်ဆံလည်း မရှိတာ သေချာတယ်၊ ကျွန်တော်တို့ သူငယ်ချင်း အရက်ဆိုင် ဖွင့်ထားတဲ့သူကို ဆိုရင် ယစ်မျိုးလိုင်စင်က ပုံမှန် တစ်နှစ်တစ်ခါ ဆောင်ရတာကို အခု ခြောက်လစာ ကြိုဆောင်ပေးပါလို့ လာတောင်းတာတွေ လုပ်နေတယ်၊ ပြည်သူတွေကတော့ ဆိုလာနဲ့ဘဲ သုံးနေကြတာပေါ့” ဟု ဒေသခံ တစ်ဦးက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly