တရုတ်တွင် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ကြောင်း ပြင်သစ်၏ ဆုံးဖြတ်ချက်ကြောင့် နှစ်နိုင်ငံဆက်ဆံရေးကို အစွန်းအထင်းဖြစ်စေနိုင်

တရုတ်တွင် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ကြောင်း ပြင်သစ်၏ ဆုံးဖြတ်ချက်ကြောင့် နှစ်နိုင်ငံဆက်ဆံရေးကို အစွန်းအထင်းဖြစ်စေနိုင်

ပြင်သစ်ပါလီမန်က တရုတ်နိုင်ငံအတွင်း အခွင့်အရေးချိုးဖောက်မှုများကို ရှုတ်ချကာ ပြီးခဲ့သည့်လက ဝီဂါလူမျိုးများနှင့် သက်ဆိုင်သည့် ဆုံးဖြတ်ချက်ကို အတည်ပြုလိုက်ခြင်း ကြောင့် အနောက်အုပ်စုက တရုတ်နိုင်ငံကို တိုက်ခိုက်သည့် အဆင့်သစ် တစ်ခုသို့ ရောက်ရှိလာကြောင်း အချက်ပြလိုက်ခြင်းပင်ဖြစ်သည်။

တရုတ်၌ ဆောင်းရာသီအိုလံပစ်ပွဲတော် မစတင်မီလေးတွင် အဆိုပါ ဆုံးဖြတ်ချက်ကို အတည်ပြုခဲ့ပြီး ပြင်သစ်နှင့်တရုတ်အကြား ဆက်ဆံရေး စွန်းထင်းနိုင်ကြောင်း ခြိမ်းခြောက်လျက်ရှိသည်ဟု HK Post က ဖော်ပြခဲ့သည်။

ပြီးခဲ့သည့်လက ပြင်သစ်နိုင်ငံရှိ တရုတ်သံရုံးက ရှင်ကျန်းပြည်နယ်ရှိ လူ့အခွင့်အရေးဆိုင်ရာ ပြဿနာများနှင့်ပတ်သက်၍ ပြင်သစ်ပါလီမန်မှ ချမှတ်ခဲ့သည့် ဆုံးဖြတ်ချက်ကို ကန့်ကွက်ခဲ့ပြီး နှစ်နိုင်ငံဆက်ဆံရေး ထိခိုက်ပျက်စီးစေမည်ကို စိုးရိမ်ကြောင်း ထုတ်ဖော်ပြောခဲ့သည်။

အဆိုပါဆုံးဖြတ်ချက်သည် တရုတ်နိုင်ငံကို တမင်တကာ အပုပ်ချပြီး ပြည်တွင်းရေးကို အလွန်အကျွံ ဝင်ရောက်စွက်ဖက်ခြင်းဖြစ်သည်ဟု သံရုံးထုတ်ပြန်ချက်၌ ရေးသားထားကြောင်း နိုင်ငံပိုင်မီဒီယာ Global Times သတင်းစာက ဖော်ပြခဲ့သည်။

"တရုတ်နိုင်ငံဟာ ဒီအရေးနဲ့ပတ်သက်ပြီး အကြိမ်ပေါင်းများစွာ ပြင်သစ်နဲ့ အပြင်းအထန် ဆွေးနွေးခဲ့ကြပါတယ်။ ရှင်ကျန်းနဲ့ ဆက်နွှယ်တဲ့ ပြဿနာတွေဟာ လူမျိုးရေး၊ ဘာသာရေး ဒါမှမဟုတ် လူ့အခွင့်အရေးနဲ့ဆိုင်တဲ့ ပြဿနာတွေမဟုတ်ဘဲ အကြမ်းဖက်မှု ဆန့်ကျင်ရေး၊ အစွန်းရောက်မှု လျှော့ချရေးနဲ့ ခွဲထွက်မှုဆန့်ကျင်ရေးကိစ္စရပ်တွေဖြစ်ပြီး တရုတ်နိုင်ငံရဲ့ အချုပ်အခြာအာဏာ၊ ပိုင်နက်နယ်မြေ တည်တံ့ရေးနဲ့နိုင်ငံ့လုံခြုံရေးတို့နဲ့ သက်ဆိုင်ပါတယ်” ဟု သံရုံးက ပြောကြားခဲ့သည်။

မဲဆုံးဖြတ်ချက်ကို ထောက်ခံမဲ ၁၆၉ မဲနှင့် ကန့်ကွက်မဲ ၁ မဲဖြင့် အတည်ပြုခဲ့ပြီး အောက်လွှတ်တော်မှ အတိုက်အခံဆိုရှယ်လစ်များက အဆိုတင်သွင်းခဲ့ခြင်းဖြစ်သည်။

အတည်ပြုခဲ့သည့် ဆုံးဖြတ်ချက်အရ ဝီဂါလူမျိုးများအပေါ် တရုတ်ကျူးလွန်သည့် အကြမ်းဖက်မှုကို လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများနှင့် လူမျိုးတုံးသတ်ဖြတ်မှုအဖြစ် ပြင်သစ်အမျိုးသားလွှတ်တော်က တရားဝင်အသိအမှတ်ပြုလိုက်ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required