တစ်နှစ်စာ သီးနှံလျော်ကြေး ရရှိရန် မြန်မာဝမ်ပေါင် ရုံးရှေ့သို့ သွားရောက် တောင်းဆို

တစ်နှစ်စာ သီးနှံလျော်ကြေး ရရှိရန် မြန်မာဝမ်ပေါင် ရုံးရှေ့သို့ သွားရောက် တောင်းဆို

မုံရွာ၊ ဇန်နဝါရီ ၁၆။            ။ လက်ပံတောင်းတောင်ကြေးနီ စီမံကိန်း အကောင်ထည်ဖော်ရန်အတွက် ခြံစည်းရိုးခတ်ရာတွင် မြေယာလျော်ကြေးယူမထားသည့် လယ်ယာမြေများကိုပါ စည်းရိုးခတ်သည့်အတွက် ယင်းမြေများပေါ်တွင် သီးနှံစိုက်ပျိုးနိုင်တော့မည်မဟုတ်၍ သီးနှံလျော်ကြေးရရှိရန် လက်ပံတောင်းတောင် ဒေသခံများက ဇန်နဝါရီ ၁၆ရက်က ဆန္ဒထုတ်ဖော်တောင်းဆိုခဲ့ကြသည်။

ဇန်နဝါရီလ ၁၆ ရက် မွန်းလွှဲ ၂ နာရီခန့်က လက်ပံတောင်းတောင်ဒေသရှိ တုံရွာ၊ ဆည်တည်းရွာ၊ မိုးကြိုးပြင်ရွာ စသည့် ကျေးရွာများမှ ဒေသခံတောင်သူ ၁၀၀ ကျော်က သွားရောက်တောင်းဆိုခဲ့ကြခြင်း   ဖြစ်သည်။

ယင်းသို့ သွားရောက်တောင်းဆိုကြရာတွင် မုံရွာ-ပုသိမ် လမ်းဆုံတွင် ရဲတပ်ဖွဲ့ဝင်များမှ သံဆူးကြိုးများဖြင့် ကာရံထားပြီး လမ်းပိတ်ဆို့ထားခဲ့ကြောင်း၊ ဒေသခံများမှ လမ်းဖွင့်ပေးရန် ပြောဆိုခဲ့သော်လည်း ဖွင့်ပေးခြင်း မရှိခဲ့သောကြောင့် ညနေ ၄ နာရီအချိန်တွင် လူစုခွဲပြန်လာခဲ့ကြကြောင်း တုံကျေးရွာ ဒေသခံတစ်ဦးက ပြောသည်။

"လျော်ကြေးမယူတဲ့လယ်ယာမြေတွေကို ခြံစည်းရိုးခတ်လိုက်တဲ့အတွက် လယ်မလုပ်ခဲ့ရပါဘူး။ ဒါ့ကြောင့် တစ်နှစ်စာ သီးနှံလျော်ကြေးပေးဖို့ သွားရောက်တောင်းဆိုခဲ့တာဖြစ်ပါတယ်။ နောက်ပြီး ကိုယ့်လယ်ယာမြေပေါ်မှာ လယ်မလုပ်ရတဲ့အတွက် ဒေသခံတောင်သူတွေ ဘဝရပ်တည်မှု အခက်အခဲဖြစ်ပါတယ်။" ဟု မြန်မာဝမ်ပေါင်ရုံးရှေ့ ဆန္ဒထုတ်ဖော်ရာတွင် ပါဝင်ခဲ့သူ မနွယ်နွယ်ဦးက ပြောသည်။

လက်ပံတောင်းတောင်ကြေးနီစီမံကိန်း လုံးဝဖျက်သိမ်းရေး၊ မြေယာလျော်ကြေး မယူသည့် လယ်ယာမြေများအတွက် သီးနှံလျော်ကြေး ရရှိရေး၊ မိုးကြိုးပြင်ရွာသူ ဒေါ်ခင်ဝင်းအား သတ်ခဲ့သော တရားခံအား အမြန်ဆုံး ဖော်ထုတ်ပေးရေး၊ မီးလောင်ဗုံး အကြမ်းဖက်ခံရမှု တရားခံ ဖော်ထုတ်ပေးရေး၊ တို့အား ကြွေးကြော် တောင်းဆိုခဲ့ကြသည်။

 ၂၀၁၄ ခုနှစ် ဒီဇင်ဘာလအတွင်းက ကြေးနီစီမံကိန်း ဆက်လက်လုပ်ဆောင် ရန်အတွက် ခြံစည်းရိုးခတ်ခြင်းကြောင့် လက်ပံတောင်းတောင်ဒေသခံများက ဆန္ဒပြရာ ရဲများက ပစ်ခတ်နှိမ်နင်းခဲ့သည်။ ယင်းသို့ ပစ်ခတ်နှိမ်နင်းမှုကြောင့် မိုးကြိုးပြင်ရွာသူဒေါ်ခင်ဝင်းဦးခေါင်းကို သေနတ်ထိမှန် သေဆုံးခဲ့သော်လည်း တစ်နှစ်ကျော်ကြာသည်အထိ တရားခံဖော်ထုတ်နိုင်ခြင်း မရှိသေးပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly