အိန္ဒိယနိုင်ငံ မြန်မာသံရုံး ဝန်ထမ်းများ ပြည်သူ့ဘက်က ရပ်တည်ရန် တိုက်တွန်းစာပို့

အိန္ဒိယနိုင်ငံ မြန်မာသံရုံး ဝန်ထမ်းများ ပြည်သူ့ဘက်က ရပ်တည်ရန် တိုက်တွန်းစာပို့

ဖေဖော်ဝါရီလ ၁၂ ရက်

အကြမ်းဖက် စစ်ကောင်စီအား အလုပ်အကြွေး ပြုနေခြင်းကို ရပ်တန့်၍ ပြည်သူ့ဘက်မှ ရပ်တည် ကြရန် တိုက်တွန်းသည့်စာအား အိန္ဒိယနိုင်ငံ နယူးဒေလီမြို့  မြန်မာသံရုံးရှိ သံအမတ်နှင့် ဝန်ထမ်းများထံ ယနေ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ပေးအပ်ခဲ့ကြောင်း India 4 Myanmar လှုပ်ရှားမှုကို လုပ်ဆောင်နေသည့် အိန္ဒိယရောက် မြန်မာနိုင်ငံသားများထံက သိရသည်။

“မြန်မာသံရုံးက ဆန္ဒပြတဲ့ သူတွေရဲ့ စာနဲ့ မြန်မာနိုင်ငံ တက်ကြွလှုပ်ရှားသူတွေရဲ့ စာတွေ လာပေးရင် လုံးဝ လက်မခံရဘူး ဆိုပြီး ပြောတယ်။ ဒါနဲ့ ကျွန်တော်တို့လည်း တခြား အကြောင်းပြချက်တွေနဲ့ မဖြစ် ဖြစ်အောင် ပေးနိုင်ခဲ့တယ် ” ဟု လှုပ်ရှားမှုတွင် ပါဝင်ခဲ့သော မြန်မာနိုင်ငံသား တစ်ဦးက ပြောသည်။

မြန်မာ သံအမတ်နှင့် ဝန်ထမ်းများကို ပေးပို့သော စာထဲတွင် စစ်တပ်သည် အကြမ်းဖက် နည်းဗျူဟာ သုံး၍ အကြောက် တရားဖြင့် အုပ်ချုပ်ရန် ကြိုးစားမှု တစ်နှစ်ကျော်လာပြီ ဖြစ်သော်လည်း ပြည်သူများကို လုံးဝ အုပ်ချုပ်ခွင့် မရဟု ပါရှိသည်။

အိန္ဒိယနိုင်ငံက  မြန်မာနိုင်ငံနှင့် ပူးပေါင်း ဆောင်ရွက်နေခြင်းများကို ရပ်တန့်စေရေး ကြိုးစားနေသည့် နည်းလမ်းများထဲတွင် မြန်မာ သံအမတ်နှင့် ဝန်ထမ်းများ CDM ပြုလုပ်ကာ ပြည်သူ့ဘက်မှ ရပ်တည် လာပါက အိန္ဒိယက မူဝါဒကို ပြန်လည် သုံးသပ်ခြင်းနှင့် ပြောင်းလဲခြင်းများ ဖြစ်နိုင်ရန် အထောက်အကူ ပြုနိုင်သည်ဟု ဆိုထားသည်။

ထို့အတွက် ယနေ့ ကျရောက်သော ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ပင်လုံစာချုပ် ချုပ်ဆိုခြင်း (၇၅) နှစ်ပြည့် နေ့မှစ၍ ဖက်ဆစ်စစ်တပ်ကို အလုပ်အကြွေး ပြုနေခြင်းအား ရပ်ရန် မြန်မာနိုင်ငံသားများ ကိုယ်စား တောင်းဆိုကြောင်း ပါရှိသည်။

ယခု တောင်းဆိုချက်များကို ဥပေက္ခာ ပြုပါက အိန္ဒိရောက် မြန်မာနိုင်ငံသားများက ဆန္ဒပြခြင်းများ အပါဝင် နည်းမျိုးစုံဖြင့် ဆန့်ကျင်ရှုံ့ချခြင်းများ ပြုလုပ်သွားမည် ဖြစ်ကြောင်း ဓမ္မဘက်မှ ရပ်တည်ချိန် နောက်ကျဟူ၍မရှိ၊ ပြည်သူဘက် မျက်နှာမူသည့် ပြည်သူ့ သားကောင်းများအား ကြိုဆိုပါကြောင်း ကြေညာချက်တွင် ဖော်ပြသည်။

အိန္ဒိယနိုင်ငံ နယူးဒေလီ ၊ မေဂလာရာ ၊ မဏိပူရ နှင့် မီဇိုရမ် ပြည်နယ်တို့မှ ဒေသခံများ  မြန်မာနိုင်ငံ အရေး သိရှိ နားလည်ရန်နှင့် ၎င်းတို့ အစိုးရများနှင့် သက်ဆိုင်သူများကို တွန်းအားပေးနိုင်ရေး လက်ကမ်း စာစောင်များကို India 4 Myanmar လှုပ်ရှားသူ မြန်မာနိုင်ငံသားများက ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ဖြန့်ဝေခဲ့ကြသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required