ဗယ်လင်တိုင်းဒေးတွင် ချစ်တင်းနှောရာ၌ နှာခေါင်းစည်းတပ်ကြရန် ထိုင်းနိုင်ငံတွင် ဆော်ဩ 

ဗယ်လင်တိုင်းဒေးတွင် ချစ်တင်းနှောရာ၌ နှာခေါင်းစည်းတပ်ကြရန် ထိုင်းနိုင်ငံတွင် ဆော်ဩ 
Photo - Google

ဖေဖော်ဝါရီလ ၁၂ ရက်

ထိုင်းနိုင်ငံက ချစ်သူများသည် ဗယ်လင်တိုင်းဒေး၌ ချစ်သက်လက်ဆောင် လဲလှယ်ရန် ပြင်ဆင်နေကြချိန်မှာပင် ချစ်တင်းနှောစဉ် နှာခေါင်းစည်းတပ်ရန် အပါအဝင် ကပ်ဘေးကာလ ဘေးကင်းသည့် လိင်ဆက်ဆံမှု အလေ့အကျင့်များကို လိုက်နာရန် ကျန်းမာရေးအာဏာပိုင်များက ဆော်ဩလျက် ရှိနေသည်။ 

အရှေ့တောင်အာရှ ခရီးသွားလုပ်ငန်း အချက်အချာကျသည့် ထိုင်းနိုင်ငံတွင် နေ့စဉ် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုက ၈၀၀၀ ဝန်းကျင် ရှိနေသည်။ ယခုလ စတင်ချိန်တွင် ယခင် သီတင်းနှစ်ပတ်ကထက် နှစ်ဆတက်ပြီး နေ့စဉ်ကူးစက်မှု မြင့်တက်နေခြင်း ဖြစ်သည်။ 

အခြားသော နေ့ရက်များတွင်လည်း ချစ်တင်းနှောကြခြင်းများ ရှိသည်ကို သိလင့်ကစား ဖေဖော်ဝါရီ ၁၄ ရက်တွင် ရောဂါကူးနှုန်း မြင့်မားမည့် အလားအလာအတွက် စိုးရိမ်ပူပန်ကြောင်း ကျန်းမာရေးအာဏာပိုင်များက ဖော်ပြကြသည်။ 

“COVID-19 ဟာ လိင်ကတစ်ဆင့် ကူးစက်တာတော့ မဟုတ်ပါ၊ ဒါပေမဲ့ ကူးစက်လွယ်တဲ့ COVID-19 ဟာ နီးကပ်စွာ အသက်ရှုတာ၊ တံတွေးချင်း အလဲအလှယ်ဖြစ်ရာကနေ ကူးစက်နိုင်ပါတယ်”ဟု မျိုးဆက်ပွားကျန်းမာရေးဌာန ညွှန်ကြားရေးမှူးဖြစ်သူ ဘန်ယာရစ် ဆူကရတ်က အေအက်ဖ်ပီသို့ သောကြာနေ့တွင် ပြောသည်။ စုံတွဲများအနေဖြင့် ချစ်သူရည်းစားဆီ ဗိုင်းရပ်စ် ကူးစက်မှုကို တားဆီးရန်အတွက် ချိန်းတွေ့ကြမည့် ညမတိုင်မီ ဗိုင်းရပ်စ် စစ်ဆေးစမ်းသပ်သင့်သည်ဟုလည်း ၎င်းက မှတ်ချက် ပြုသည်။ 

“မျက်နှာချင်းဆိုင် လိင်ဆက်ဆံခြင်း ပုံစံနှင့် နက်နက်ရှိုင်းရှိုင်း နမ်းရှိုက်ခြင်းများကို ရှောင်ရှားရန်”လည်း ချစ်သူများကို တိုက်တွန်းထားသည့်အပြင် မလိုလားသော ကိုယ်ဝန်ဆောင်ရမှု မဖြစ်စေရန် တားဆေးသုံးရေးကိုလည်း ၎င်းက တိုက်တွန်းသည်။ 

“ဖြစ်နိုင်ရင် ချစ်တင်းနှောချိန်မှာ နှာခေါင်းစည်းတပ်ထားတာက COVID-19 ဘေးအန္တရာယ်ကို လျော့ပါးစေမှာ ဖြစ်တယ်”ဟု ဘန်ယာရစ်က ပြောသည်။ 

ဗယ်လင်တိုင်းဒေးသည် ဘုရင့် ထိုင်းနိုင်ငံ၌ ရေပန်းစားပြီး စုံတွဲများအတွက် သံယောဇဉ်ကြိုး ထုံးဖွဲ့ရာ နေ့ထူးနေ့မြတ်အဖြစ် မှတ်ယူကြသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required