မလေးရှား၌ လေဝင်လေထွက်ကောင်းအောင် စီမံထားသော ကုမ္ပဏီလုပ်ငန်းများကို အခွန်လျှော့ကောက်

မလေးရှား၌ လေဝင်လေထွက်ကောင်းအောင် စီမံထားသော ကုမ္ပဏီလုပ်ငန်းများကို အခွန်လျှော့ကောက်

ဖေဖော်ဝါရီ ၁၂

မလေးရှားနိုင်ငံတွင် လုပ်ငန်းနေရာဌာနများ၌ လေဝင်လေထွက်ကောင်းအောင် ပြုပြင်စီမံထားသည့် ကုမ္ပဏီလုပ်ငန်းများအနေဖြင့် အခွန် ရင်းဂစ် ၃၀၀၀၀၀ လျှော့ချကောက်ခံမှုကို အကျိုးခံစားရမည် ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီး ခါအီရီ ဂျာမာလုဒင်က ပြောသည်။ 

လုပ်ငန်းရှင်များအနေဖြင့် လူကိုယ်တိုင် တွေ့ဆုံစည်းဝေးမှုများ လိုအပ်ခဲ့လျှင် လေဝင်လေထွက် ကောင်းမွန်ရေးကို လုပ်ဆောင်ကြရန် ဝန်ကြီးက ၎င်း၏ တရားဝင် တွစ်တာအကောင့်မှနေ၍ တိုက်တွန်းသည်။ 

“ခင်ဗျားတို့ ရုံးမှာ လေဝင်လေထွက်စနစ်ကို အဆင့်မြှင့်တင်ထားတာအတွက် အခွန်လျှော့ပေါ့ပေးမှု အကျိုးခံစားရမှာပါ”ဟု ဝန်ကြီးက တွစ်တာတွင် ရေးပြီး ထို အခွန်အကျိုးခံစားခွင့်ကို ၂၀၂၂ နှစ်ကုန်အထိ သက်တမ်းတိုးသွားမည်ဟု ထပ်လောင်း​ဆိုသည်။ 

၂၀၂၂ ဘတ်ဂျက်အရ သီးခြားစီးပွားရေး ကူညီထောက်ပံ့မှု လုပ်ငန်းစဉ်အကြောင်းကို ဝန်ကြီး ခါအီရီက မီးမောင်းထိုး ပြောဆိုသည်။ လုပ်ငန်းများအနေဖြင့် လေဝင်လေထွက် ကောင်းမွန်အောင် ဆောင်ရွက်ခြင်းအပါအဝင် COVID-19 စံချိန်စံညွှန်းနှင့်အညီ လုပ်ငန်းဆောင်ရွက်ခြင်းအတွက် ကုန်ကျစရိတ်နှင့် ပတ်သက်ကာ အခွန်ရင်းဂစ် ၃၀၀၀၀၀ ကို လျှော့ပေါ့ခံစားခွင့် ရှိမည် ဖြစ်သည်။ 

ယခုနှစ် ဒီဇင်ဘာ ၃၁ ရက်အထိ သက်တမ်းတိုးချဲ့‌သော ယခု အခွန်လျှော့ပေါ့ပေးသည့် လုပ်ငန်းစဉ်ကို ၂၀၂၀ မတ် ၁ ရက်မှ ၂၀၂၁ ဒီဇင်ဘာ ၃၁ ရက်ကြား လုပ်ငန်းခွင် ပြုပြင်စီမံမှု ပြုလုပ်ထားခြင်းများအတွက် အကျိုးခံစားခွင့်ကို ၂၀၂၁ ဘတ်ဂျက်ဖြင့် ပထမဆုံး စတင်ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ 

စီးပွားရေးလုပ်ငန်းများအနေဖြင့် ၎င်းတို့၏ လုပ်ငန်းအဆောက်အအုံအတွင်း လေဝင်လေထွက် ကောင်းမွန်အောင် ပြုလုပ်ခြင်းများအတွက် ဘဏ္ဍာရေးဝန်ကြီးဌာနမှ အားပေးကူညီပေးခြင်းကို ရယူနိုင်ကြောင်းလည်း နိုင်ငံအတွင်း အိုမီခရွန် ကူးစက်မှု မြင့်တက်နေခြင်းနှင့် ပတ်သက်သော ဖေဖော်ဝါရီ ၇ ရက်သတင်းစာရှင်းလင်းပွဲ၌ ခါအီရီက ပြောခဲ့သည်။ 

COVID-19 ပြန့်နှံ့မှုကို လျှော့ချရန် ကုမ္ပဏီများအနေဖြင့် ဝန်ထမ်းများကို အိမ်မှပင် အလုပ်လုပ်စေခြင်းကို ခွင့်ပြုသင့်ကြောင်း သို့မဟုတ် လုပ်ငန်းခွင်သို့ ဝင်ရောက်ရခြင်းကို အလှည့်ကျစနစ်ဖြင့် ထားသင့်ကြောင်း ဝန်ကြီးက တိုက်တွန်းသည်။ 

မလေးရှားနိုင်ငံ၌ သောကြာနေ့တွင် COVID-19 ကူးစက်သူသစ် ၂၀၉၃၉ ဦးရှိရာ စုစုပေါင်း ကူးစက်သူဦးရေသည် ၂၉၉၆၃၆၁ ဦး ရှိပြီဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required