ဖားကန့်မြို့ စုပေါင်းရုံးရှေ့တွင် ဗုံး ၂ လုံးပေါက်ကွဲ

ဖားကန့်မြို့ စုပေါင်းရုံးရှေ့တွင် ဗုံး ၂ လုံးပေါက်ကွဲ

ဖေဖော်ဝါရီ ၁၂

ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ မြို့နယ် စုပေါင်းရုံးရှေ့တွင် ယနေ့ ဖေဖော်ဝါရီ ၁၂ ရက် နံနက် ၆ နာရီကျော်က ဗုံးနှစ်လုံး ပေါက်ကွဲခဲ့ကြောင်း ဒေသခံက ပြောသည်။

ပေါက်ကွဲမှု အသံ အလွန်ကျယ်သည့်အတွက် အနီးပတ်ဝန်းကျင်နေ ပြည်သူများ ထိတ်လန့်ခဲ့ကြောင်း ဆိုသည်။

အဆိုပါ ပေါက်ကွဲမှုမှာ စစ်ကောင်စီက (၇၅) နှစ်ပြည့် ပြည်ထောင်စုနေ့ အခမ်းအနား ကျင်းပရန် စီစဉ်နေသည့် အတွက် ပွဲမကျင်းပမီ ခြောက်လှန့် ဖောက်ခွဲခဲ့ခြင်း ဖြစ်နိုင်ကြောင်း ဒေသခံများက သုံးသပ်သည်။

ယခု ပေါက်ကွဲမှုဖြစ်သည့် စုပေါင်းရုံးနေရာ အနီးတစ်ဝိုက်သည် ဗုံးမကြာခဏ ပေါက်ကွဲလေ့ ရှိသည့် နေရာဖြစ်ပြီး ဇန်နဝါရီ ၃၁ ရက်၊ ဖေဖော်ဝါရီ ၁ ရက်နှင့် ၂ ရက်တို့တွင် ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့သည်။

ပေါက်ကွဲမှုအပြီး မြို့နယ်စုပေါင်းရုံးရှေ့ လမ်းကို စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ပိတ်ဆို့ကာ လမ်းသွားလမ်းလာ များကို စစ်ဆေးနေကြောင်း ဒေသခံက ဆိုသည်။

စစ်ကောင်စီက ဖားကန့်မြို့ကို ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဩဂုတ်လ ၂၀ ရက်က စတင်၍ အင်တာနက် ဖြတ်တောက်ကာ သတင်း အမှောင်ချထားရာ ခုနှစ်လ နီးပါးရှိပြီ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required