တရုတ်နိုင်ငံ၏ ကိုရိုနာဗိုင်းရပ်မူဝါဒက အရှေ့တောင်အာရှနှင့်ကုန်သွယ်မှုအပေါ် သက်ရောက်မှုရှိ

တရုတ်နိုင်ငံ၏ ကိုရိုနာဗိုင်းရပ်မူဝါဒက အရှေ့တောင်အာရှနှင့်ကုန်သွယ်မှုအပေါ် သက်ရောက်မှုရှိ

တရုတ်နိုင်ငံသည် နယ်စပ်များတွင် ကိုရိုနာဗိုင်းရပ်ကို တားဆီးနိုင်ရန် ကြိုးစားပမ်းစား လုပ်ဆောင်လျက်ရှိသည်။ သစ်သီးများနှင့် အေးခဲအစားအစာများကဲ့သို့သော ထုတ်ကုန်များမှတစ်ဆင့် ဗိုင်းရပ်စ်ကူးစက်နိုင်သည်ဆိုသော အထောက်အထားအနည်းငယ်မျှသာရှိသော်လည်း ၎င်းထုတ်ကုန် ထောင်ပေါင်းများစွာကို စမ်းသပ်စစ်ဆေးလျက်ရှိသည်။ မြို့ကြီးများကို အသွားအလာ ကန့်သတ်လိုက်သောကြောင့် တရုတ် နိင်ငံသားများမှာ ဆေးဝါးနှင့်ရိက္ခာများ ပြတ်လပ်ကာ သောင်တင်ခဲ့ရကြောင်း New York Times က ဖော်ပြခဲ့သည်။

ထိုတင်းကျပ်သော ကိုရိုနာဗိုင်းရပ်မူဝါဒကြောင့် တရုတ်နိုင်ငံပြင်ပတွင်လည်း စိုးရိမ်ဖွယ်ရာအကျိုးဆက်များ ရှိနေသည်။

ဒေသတွင်းပို့ကုန်အများစုသည် တရုတ်နိုင်ငံဆီသို့ ဦးတည်နေသောကြောင့် အထူးသဖြင့် အရှေ့တောင်အာရှ သစ်သီးတောင်သူများကို ထိခိုက်စေသည်။၂၀၂၀ ခုနှစ်တွင် အရှေ့တောင်အာရှမှ တရုတ်နိုင်ငံသို့ သစ်သီးတင်ပို့မှု စုစုပေါင်းတန်ဖိုး အမေရိကန်ဒေါ်လာ ၆ ဘီလီယံခန့် ရှိခဲ့သည်။

ဗီယက်နမ်၊ မြန်မာနှင့်လာအိုတို့မှ လာသော ကုန်တင်ယာဉ်တန်းများသည် ယခုအခါ တရုတ်နိုင်ငံ၏ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှ ဆုတ်ခွါလာခဲ့ကြသည်။ တရုတ်နိုင်ငံသို့ အများဆုံးတင်ပို့သည့် ဗီယက်နမ်ရှိ နဂါးမောက်သီးစိုက်ပျိုးသောတောင်သူများသည် အကြွေးနွံနစ်လျက်ရှိကြောင်း New York Times က ဖော်ပြခဲ့သည်။

မြန်မာနိုင်ငံမှ ဖရဲသီးတင်ပို့သူများသည် တရုတ်နိုင်ငံအတွင်းသို့ မတင်ပို့မီ သီးသန့်ခွဲထားသည့်အခြေအနေတွင် ၁၅ ရက်ကြာ နေရမည်ဖြစ်သောကြောင့် အသီးများကို နယ်စပ်တွင် စွန့်ပစ်နေကြသည်။

ကန့်သတ်ချက်များသည် အထူးသဖြင့် ဗီယက်နမ်မှ နဂါးမောက်သီးတောင်သူများကို ထိခိုက်နစ်နာစေခဲ့ပုံရသည်။ဒီဇင်ဘာလနှောင်းပိုင်းက တရုတ်နိုင်ငံသည် ကပ်ရောဂါကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် ဗီယက်နမ်နယ်စပ်ကို ပိတ်ပစ်ခဲ့သည်။

တရုတ်နိုင်ငံ၏ ကိုဗစ်လုံးဝကင်းစင်ရေး မူဝါဒဂယက်ကြောင့် ကမ္ဘာပေါ်တွင် စီးပွားရေး ဒုတိယ အင်အားအကြီးဆုံးဖြစ်သည့် ယင်းနိုင်ငံအပေါ် အရှေ့တောင်အာရှ မှီခိုနေရမှုနှင့် ပတ်သက်သောဆွေးနွေးမှုများမှာလည်း အရှိန်မြှင့်လာသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly