သီရိလင်္ကာ၏ စီးပွားရေးကို တရုတ်၏ အကြွေးထောင်ချောက်မူဝါဒမှ ကယ်တင်ရန် လိုအပ်

သီရိလင်္ကာ၏ စီးပွားရေးကို တရုတ်၏ အကြွေးထောင်ချောက်မူဝါဒမှ ကယ်တင်ရန် လိုအပ်

သီရိလင်္ကာနိုင်ငံသည် စီးပွားရေးကျဆင်းနေချိန်တွင်တရုတ်၏ကြွေးမြီထောင်ချောက် မူဝါဒအတွင်းသို့ ကျရောက်လျက်ရှိသော ၎င်း၏စီးပွားရေးကို ကယ်တင်ရန် အလေးအနက်ထားကာ ပြန်လည်စဉ်းစားရမည်ဟု ဝါရှင်တန်အခြေစိုက် Global Strat View အကြံပေးအဖွဲ့က ပြောသည်။

သီရိလင်္ကာ၏ဘဏ္ဍာရေးအကျပ်အတည်းသည် နောက်ဆုံးတွင် နိုင်ငံကို ဒေဝါလီခံသွားစေနိုင်သည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းတစ်ခုဆီသို့ ဦးတည်လျက်ရှိကြောင်း Global Strat View က ဖေဖော်ဝါရီ ၆ ရက်တွင် ပြောကြားခဲ့သည်။

နိုင်ငံ၏ငွေကြေးတန်ဖိုး သိသိသာသာကျဆင်းပြီးနောက် ပြီးခဲ့သောနှစ်သြဂုတ်လတွင် သီရိလင်္ကာအစိုးရက နိုင်ငံ့စီးပွားရေးအရေးပေါ်အခြေအနေတစ်ရပ်ကို ကြေညာခဲ့ချိန်တွင် သီရိလင်္ကာနိုင်ငံ၏ ဘဏ္ဍာရေးအကျပ်အတည်းမှာ ပိုမိုသိသာထင်ရှားလာသည်။

သီရိလင်္ကာ၏ နိုင်ငံခြားကြွေးမြီသည် ၂၀၁၄ ခုနှစ်တွင် GDP ၏ ၃၀ ရာခိုင်နှုန်းရှိရာမှ ၂၀၁၉ ခုနှစ်တွင် GDP ၏ ၄၁ ဒသမ ၃ ရာခိုင်နှုန်းအထိ တိုးလာခဲ့ပြီး နိုင်ငံ၏ကြွေးမြီသည် ဝန်ထုပ်ဝန်ပိုးကြီးဖြစ်စေခဲ့သည်။

ဇန်နဝါရီတွင် အမေရိကန်ဒေါ်လာ သန်း ၅၀၀ တန်သော ငွေတိုက်စာချုပ်များနှင့် ၂၀၂၂ ခုနှစ် ဇူလိုင်လတွင် အမေရိကန်ဒေါ်လာ ၁ ဘီလီယံပြန်ဆပ်ခြင်း အပါအဝင် ၂၀၂၂ ခုနှစ်တွင် နိုင်ငံခြားကြွေးမြီ အမေရိကန်ဒေါ်လာ ၇ ဘီလီယံကျော် ရှိနေသည်။

“တရုတ်နဲ့ကျန်ကမ္ဘာ့နိုင်ငံတွေကို ဆက်သွယ်တဲ့ အခြေခံအဆောက်အအုံတွေ တည်ဆောက်ဖို့နဲ့ ငွေကြေးထောက်ပံ့ဖို့ ရေရှည်ကြိုးပမ်းအားထုတ်မှုတစ်ခုဖြစ်တဲ့ ခါးပတ်လမ်းမ စီမံကိန်းရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ တရုတ်နိုင်ငံက ကမကထပြုတဲ့ အများသူငှာရင်းနှီးမြုပ်နှံမှု စီမံကိန်းတွေကြောင့် သီရလင်္ကာကို အကြွေးနစ်နေတဲ့ နိုင်ငံအဖြစ် ဖော်ပြနေကြတယ်” ဟု အစီရင်ခံစာက ဆိုသည်။

ပြီးခဲ့သည့်လက သီရိလင်္ကာသမ္မတ ဂိုတာဘာယာ ရာဂျာပက်ဆာက တရုတ်အစိုးရအပေါ်တင်နေသော နိုင်ငံ့ကြွေးမြီများကို ပြန်လည်စဉ်းစားသုံးသပ်ပေးရန် တရုတ်အား မေတ္တာရပ်ခံခဲ့သည်။

သီရိလင်္ကာသည် နဂါး၏အကြွေးထောင်ချောက်ပေါ်လစီမှ ၎င်း၏စီးပွားရေးကို ကယ်တင်ရန် အလေးအနက်ပြန်လည်စဉ်းစားရန် လိုအပ်သည်ဟု Global Strat View ကဆိုသည်။

“ပထမဆုံးအချက်အနေနဲ့ သမ္မတ ရာဂျာပက်ဆာဟာ တရုတ်နိုင်ငံနဲ့ ဟန်ချက်ညီအောင်လုပ်ဆောင်နိုင်တဲ့ အိန္ဒိယနိုင်ငံလိုမျိုး အိမ်နီးချင်းနိုင်ငံတွေရဲ့ အကူအညီကို ရယူပြီးတော့ သူ့နိုင်ငံကို လုံခြုံစေမယ့် မူဝါဒတွေကို ပြန်လည်စဉ်းစားရမှာဖြစ်ပါတယ်” ဟု Global Strat View ၏ သုံးသပ်ချက်တွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly