ရွှေဘို ဆိပ်ခွန်ရွာတွင် စစ်ကောင်စီတပ်က လူနေအိမ်များကို နေ့စဉ်ဖျက်ဆီးနေ

ရွှေဘို ဆိပ်ခွန်ရွာတွင် စစ်ကောင်စီတပ်က လူနေအိမ်များကို နေ့စဉ်ဖျက်ဆီးနေ
ဓာတ်ပုံ - ဆိပ်ခွန်သတင်းစုံ

ဖေဖော်ဝါရီလ ၁၁ ရက်

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ် ဆိပ်ခွန်ရွာတွင် စစ်ကောင်စီတပ်နှင့် ပျူစောထီး ပူးပေါင်းအဖွဲ့ ဝင်ရောက် တပ်စွဲပြီးနောက် လူနေအိမ်များကို နေ့စဉ်ရက်ဆက် မွှေနှောက် ဖျက်ဆီးနေကြောင်း ဒေသခံများက ဆိုသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၈ ရက် မနက် ၆ နာရီက ရွှေဘိုမြို့ အနောက်ဘက် ၇ မိုင်အကွာရှိ ဆိပ်ခွန်ရွာ အတွင်း စစ်ကောင်စီတပ်နှင့် ပျူစောထီး အင်အား ၁၀၀ ခန့်က ရွာအတွင်း သေနတ်ပစ်ဖောက် ဝင်ရောက်ကာ ယနေ့ ဖေဖော်ဝါရီလ ၁၁ ရက်အထိ တပ်စွဲထားပြီး နေ့စဉ် ပစ်ခတ်၍ လူနေအိမ်များ အတွင်း ဝင်ရောက်ရှာဖွေ ယူဆောင်ခြင်းများ ပြုလုပ်နေကြောင်း ဆိုသည်။

"ဒီနေ့မနက်မှာ ဆိပ်ခွန်ရွာ အပြင် လယ်စောင့်တဲတွေကို လက်နက်ကြီးများနဲ့ ရမ်းသန်းပစ်တယ်။ ရွာအနောက်ဘက်မှာလည်း ပစ်တယ်၊ ထိခိုက်မှုကတော့ မသိရသေးဘူး၊ တောင်ပိုင်းက ရွှေဘို၊ မုံရွာ၊ အရာတော်၊ ဒီပဲယင်း သွားတာဆိုတော့ ရွာရဲ့ အရှေ့တောင်ပိုင်းကို ထိန်းချုပ်ထားတာ၊ တောင်ပိုင်းနဲ့ ရွာလယ်လမ်း တစ်ဝက်က အိမ်အများအပြားကို မွှေထားတယ်" ဟု ဆိပ်ခွန်ရွာနေ ဒေသခံ တစ်ဦးက ဆိုသည်။

ကျေးရွာအတွင်း စစ်ကောင်စီတပ်များ တပ်စွဲထားသဖြင့်  ဆိပ်ခွန်နှင့် အနီးရှိ ဆိပ်သာ၊ နံ့သာ၊ ဘိုတည်းကုန် စသည့် ကျေးရွာအုပ်စုများနေ ဒေသခံ ၁၀၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင် နေရကြောင်း သိရသည်။

ထွက်ပြေး တိမ်းရှောင် နေရသည့် ဒေသခံများ အတွက် အခြေခံ စားသောက်ကုန်များနှင့် ဆေးဝါးများလည်း အရေးပေါ် လိုအပ်နေကြောင်း ဆိုသည်။

"စခ (စစ်ကောင်စီတပ်) တွေက ဘောက်တွေနဲ့ သီချင်းတွေဖွင့်ပြီး မူးရူးနေကြတယ်၊ အိမ်တွေကို မွှေလိုက် သောက်လိုက် စားလိုက် လုပ်နေကြတာ၊ ပြည်သူတွေကတော့ လမ်းတွေလည်း ပိတ်ထားတော့ ဒုက္ခရောက် နေကြတယ်၊ ရိက္ခာဖြက်ထားတာပေါ့" ဟု ထွက်ပြေး တိမ်းရှောင် နေရသည့် ဒေသခံ တစ်ဦးက ဆိုသည်။
ဆိပ်ခွန်ကျေးရွာ အုပ်စုသည် ယက္ကန်းလုပ်ငန်းနှင့် လယ်ယာလုပ်ငန်း လုပ်ကိုင်သည့် ကျေးရွာအုပ်စုကြီး ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required