သြစတြေးလျ ကွင်းလယ်လူ ကာဆာရက်စ်ကို မန်စီးတီးခေါ်ယူ

သြစတြေးလျ ကွင်းလယ်လူ ကာဆာရက်စ်ကို မန်စီးတီးခေါ်ယူ

မန်ချက်စတာ၊ ဇန်နဝါရီ ၁၆ ။               ။ မန်စီးတီးအသင်းသည် ဇန်နဝါရီအပြောင်းအရွှေ့ ပထမဆုံးခေါ်ယူမှုအဖြစ် သြစတြေးလျကွင်းလယ်ကစားသမား အန်တိုနီကာဆာရက်စ်ကို   ခေါ်ယူလိုက်ပြီ   ဖြစ်သည်။

အသက် ၂၃ နှစ်အရွယ်ရှိ ကာဆာရက်စ်သည် သြစတြေးလျကလပ် Central Coast Mariners အသင်းတွင် ကစားနေသူဖြစ်သည်။ ၎င်းသည် ထိုအသင်းတွင် ၂၀၁၂ ခုနှစ်က စတင်ပါဝင်ကစားခဲ့ခြင်း ဖြစ်ပြီး ၆၂ ပွဲတွင် သုံးဂိုးသွင်းယူပေးထားသည်။

Central Coast Mariners အသင်းနည်းပြ တိုနီဝမ်စလေက 'ကာဆာရက်စ်ကို ခေါ်ယူခဲ့စဉ်ကတည်းက သူ့ရဲ့ ခြေစွမ်းက ကောင်းမွန်တယ်ဆိုတာ သိသာထင်ရှားပါတယ်။ အခု မန်စီးတီးအသင်းရဲ့   ခေါ်ယူမှုက သူဘယ်လောက်အထိ တိုးတက်လာသလဲဆိုတာကို ပြသတာပါပဲ။ မန်စီးတီးလိုအသင်းကြီးကို ကစားသမားရောင်းချနိုင်ခဲ့တဲ့အတွက် ကျွန်တော်တို့ အောင်ပွဲခံဖို့ လိုအပ်ပါတယ်' ဟု ပြောဆိုခဲ့သည်။

မန်စီးတီးအသင်းနည်းပြ ပယ်လီဂရီနီကမူ ကာဆာရက်စ်အနေဖြင့် လက်ရှိအသင်းတွင် ပါဝင်ခွင့် ရရှိဦးမည်မဟုတ်ဘဲ ရာသီကုန်ချိန်အထိ အသင်းတစ်သင်းသင်းတွင် အငှားသွားရောက် ကစားဖွယ်ရှိကြောင် ပြောဆိုခဲ့သည်။ အနာဂတ်အတွက် ရည်မှန်း၍ ထိုကဲ့သို့ အငှားချရန် စီစဉ်ခြင်းဖြစ်ကြောင်း ဆိုသည်။

ရည်ညွှန်း ဘီဘီစီ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly