ပါကစ္စတန်က စီမံကိန်းများရှိ တရုတ်နိုင်ငံသားများအတွက် လုံခြုံရေးဝန်ထမ်း ၁၀,၀၀၀ ကျော် ဖြန့်ကျက်ချထား

By Asia Bulletin
10 February 2022
ပါကစ္စတန်က စီမံကိန်းများရှိ တရုတ်နိုင်ငံသားများအတွက် လုံခြုံရေးဝန်ထမ်း ၁၀,၀၀၀ ကျော် ဖြန့်ကျက်ချထား

ပါကစ္စတန်နိုင်ငံတွင် တရုတ်၏ ဒေါ်လာဘီလီယံများစွာ တန်ဖိုးရှိ စီမံကိန်းများ၌ လုပ်ကိုင်နေကြသည့် တရုတ်နိုင်ငံသားများကို ကာကွယ်စောင့်ရှောက်ရန် ပန်ဂျပ်ပြည်နယ် ပြည်ထဲရေးဌာနက ပြည်နယ်တွင်း၌ လုံခြုံရေးအမှုထမ်း ၁၁,၂၂၅ ဦးကို ဖြန့်ကျက်တာဝန်ပေးထားသည်။

လုံခြုံရေးအမှုထမ်းများထဲတွင် စစ်တပ်၊ ရိန်းဂျားတပ်ဖွဲ့၊ အထူးကာကွယ်ရေးတပ်ဖွဲ့ (SPU) ၊ အထူးရဲတပ်ဖွဲ့၊ ရဲဌာနနှင့် အခြားသောဌာနဆိုင်ရာ လုံခြုံရေးပိုင်းမှ တပ်ဖွဲ့ဝင်များ ပါဝင်ကြောင်း the News International က ဖော်ပြသည်။

တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြန် (CPEC) စီမံကိန်းများနှင့် CPEC မဟုတ်သော အခြားစီမံကိန်းများနှင့်ပတ်သက်ပြီး လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၃,၃၅၅ ဦးကို ကာကွယ်စောင့်ရှောက်ရန် အဆိုပါ လုံခြုံရေးအမှုထမ်းများကို တာဝန်ပေးထားခြင်းဖြစ်သည်။

ယင်း စီမံကိန်းများအောက်တွင် ရာဝယ်ပင်ဒီခရိုင် ကာရော့ ရေအားလျှပ်စစ်စီမံကိန်း၌ တရုတ်နိုင်ငံသား ၆၆၅ ဦး၊ ဆာဟီဝယ်မြို့ရှိ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ၌ တရုတ်နိုင်ငံသား ၃၀၃ ဦး ၊ ဘဟာဝယ်ပူရ်မြို့ရှိ ကူအစ်-အီ-အေဇမ် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ထုတ်လုပ်ရေးဇုန်၌ တရုတ်နိုင်ငံသား ၁၂ ဦး၊ ကရာချိ-လာဟိုး အမြန်လမ်း စီမံကိန်း၌ တရုတ်နိုင်ငံသား ၅၉ ဦးနှင့် မာတီရာရီ-လာဟိုး ၆၆၀ ကေဗွီ ဓာတ်အားလိုင်း၌ တရုတ်နိုင်ငံသား ၅၀ ဦး တို့ အသီးသီး လုပ်ကိုင်လျက် ရှိသည်ဟု သတင်းရင်းမြစ်များကို ကိုးကားပြီး ပါကစ္စတန်သတင်းစာက ဖော်ပြသည်။

ပါကစ္စတန် ကြည်းတပ်စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဘာဂျ်ဝါ နှင့် တရုတ်သံတမန် နုန်ရုန် တို့ မကြာသေးခင်က တွေ့ဆုံခဲ့စဉ် တရုတ်အလုပ်သမားများကို လုံခြုံရေး အပြည့်အဝပေးသွားမည် ဖြစ်ကြောင်းနှင့် CPEC စီမံကိန်းအားလုံး၏ အမှုထမ်းများအတွက် “ဘေးကင်းစိတ်ချရသော ဝန်းကျင်တစ်ခု” ရှိစေရမည်ဖြစ်ကြောင်း ပါကစ္စတန်ဘက်က အခိုင်အမာ ကတိပြုခဲ့သည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly